ရန်ကုန်မြို့တွင်း လေအေးစက်တပ် မှန်လုံမြို့ပတ်ရထားအား မကြာမီစတင်ပြေးဆွဲတော့မည်
ဖြစ်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲသျှမ်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"ဂျပန်ကရောက်တာ၊ အရမ်းကောင်းတယ်။ တစ်တွဲကို လူ ၆၂ ဦးဆံ့တယ်။ အခုအစမ်းပြေးဆွဲတဲ့
အနေနဲ့ ဆိုင်းနှစ်ဆိုင်းပေါ့ မြို့တစ်ပတ်ပတ်နေတာ (ခုနစ်ရက်) တစ်ပတ်လောက်ရှိပြီ။ လေးတွဲ
ပါတယ်။ ပြီးတော့ စက်ခေါင်းတွဲပါတယ်။ အမြန်ဆုံးပြေးဆွဲနိုင်ဖို့ လုပ်နေတယ်"ဟု ၎င်းက
ပြောသည်။
"သီးသန့်ဘူတာ သတ်မှတ်ပြီးပြေးဖို့ ပိုများတယ်။ ဥပမာပြောရရင် ဘူတာကြီးမှာ ရပ်ရင်တော့
ကပ်လျက်ဘူတာ ဂိတ်ဖြစ်တဲ့ ဘုရားလမ်းမှာ မရပ်တော့ဘူး။ ဒါမျိုးလုပ်မယ်လို့ ရည်ရွယ်ထားတာ
ပေါ့"ဟု ၎င်းက ပြောသည်။
သို့ရာတွင် ပြေးဆွဲနိုင်ရေးအတွက် ရထားပိုင်းဆိုင်ရာ ပစ္စည်းတချို့အား ဘူတာများနှင့်ကိုက်ညီစေရန်
ပြန်လည် ညှိယူရဦးမည်ဟု ၎င်းကပြောသည်။
"ရန်ကုန်ဘူတာကြီးမှာ စင်္ကြံ(၁) ပလက်ဖောင်းနဲ့ ခုရထား ရပ်ပြီးလူဆင်း ဖို့ထိုးတဲ့ ကုန်းဘောင်က
မလွတ်ဘူး ဖြစ်နေတယ်။ တခြားဘူတာမှာရော အားလုံး သုံးခုလောက်ငြိနေတာရှိနေတယ်။
ဒါတွေပြန်ညှိပစ်ရမယ်။ နောက်ပြီး ခရီးသည်တွေအတွက် ဘာတွေ အခက်အခဲရှိနိုင်လည်းဆိုတော့
အပေါက်က နှစ်ပေါက်ပဲ ရှိနေတယ်။ အဲဒါကို စင်္ကြံမှာကပ်လိုက်ရင် တစ်ဖက်ကပဲ ဆင်းလို့ရတော့
မယ်။ အဲဒီတစ်ဖက်တည်းမှာ ခရီးသည်တွေ ဘယ်လိုဆင်းတက်ကြမလဲ ဒါတွေအတွက် အပေါက်
ထပ်ဖောက်မလားဆိုတာကို ဘယ်လိုဖြေရှင်းမလဲစဉ်းစား နေရတယ်။ ပြီးရင် အမြန်ဆုံးပြေးဆွဲမှာပါ"
ဟု ဦးရဲသျှမ်းက ပြောသည်။
စီးနင်းခကိုမူ တစ်ဦးလျှင် မြို့တစ်ပတ် ကျပ် ၃၀၀ ဟုအကြမ်းဖျင်း သတ်မှတ်ထားသည်။
"ရထားစီးတယ်ဆိုတာက အများအားဖြင့်တော့ အခြေခံလူတန်းစားတွေ စီးတာပါ။ အခု
ကြည့်မြင်တိုင်ကနေ ကျွန်မတို့စီးနေတာက အသွားအပြန် လက်မှတ်ဖြတ်တာ ကျပ် ၁၀၀ ပဲ။
အပြန်ကို ဒီလက်မှတ်တစ်ခြမ်းပြန်ပြရင် ပြန်စီးလို့ရတယ်လေ။ အခု ၃၀၀ ဆိုတာက များနေမလား
လို့ပါ"ဟု ကြည့်မြင်တိုင်မြို့နယ်မှ ဆိပ်ကမ်းသာလမ်းသို့ မီဒီယာ အလုပ်အကိုင် လာရောက်
လုပ်ကိုင်ရန် နေ့စဉ်ရထားစီး၍ သွားပြန်နေသူ မအိရူပါက ပြောသည်။
"အဲကွန်း မှန်လုံရထားပေါ်တာ ကောင်းပါတယ်။ ဒါပေမဲ့ လပေးနဲ့စီးလို့ရမလား။ လပေးနဲ့ဆို ပုံမှန်
လက်မှတ်ဝယ်တာထက် ဘယ်လောက်သက်သာမလဲ။ အဲဒါမျိုးလေးဆို ကောင်းပါတယ်။
အခုလောလောဆယ်မှာတော့ လှည်းတန်းကနေ ရန်ကုန်ဘူတာကြီး အသွားအပြန်စီးလာတာ
၁၀ စုနှစ်တစ်ခုရှိလာပါပြီ။ သွားပြန်တစ်ခေါက် အတွက်ပဲဆိုရင်တော့ တစ်နေ့သွားပြန် ကျပ် ၁၀၀
ကုန်မှာပါ။ ဒါပေမဲ့ လပေးစီးတော့ တစ်လကိုကျပ် ၁,၇၀၀ ပဲကျတယ်။ လပေးနဲ့ပဲစီးနေတယ်"ဟု
လှည်းတန်းမှ ဦးခင်မောင်ထွန်းက ပြောသည်။

















