ရန်ကုန်မြို့ရှိ လမ်းညွှန် အမှတ်အသား များပြင်ဆင်မည်

ရန်ကုန်မြို့ရှိ လမ်းညွှန် အမှတ်အသား များပြင်ဆင်မည်

ရန်ကုန်မြို့၌ အသုံးပြုထားသော လမ်းညွှန် အမှတ်အသားများကို အရှေ့တောင်အာရှ အားကစား
ပြိုင်ပွဲအမီ နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီပြောင်းလဲ ပြင်ဆင်သွားမည်ဖြစ်ကြောင်း အမှတ်(၂)
ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး၊ ရဲမှူးကြီးလင်းထွဋ်က စက်တင်ဘာလ ၂ ရက်နေ့က မီဒီယာများနှင့်
တွေ့ဆုံပွဲ၌ ပြောကြားသည်။

"လမ်းအသုံးပြုတဲ့ လူတိုင်းလူတိုင်း လမ်းတွေမှာ သတ်မှတ်ထားတဲ့ အမှတ်အသားတွေကို သိထား
သင့်တယ်။ ဘာအမှတ်အသားကိုမှ မသိရင် လမ်းပေါ်မှာနေ့စဉ် သွားလာဖို့ မဖြစ်နိုင်ဘူး။ အဝါရောင်
ကို အသုံးပြုထားတာက သတိပေးတာ၊ အနီရောင်က တားမြစ်တာ၊ အပြာရောင်က အမိန့်ပေးတာ။
လုပ်ကို လုပ်ရမယ်ဆိုတဲ့ သဘောဆောင်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက
နိုင်ငံတကာမှာ အဝါရောင်က လမ်းအသုံးပြုသူတွေနဲ့ ယာဉ်မောင်းတွေကို သိပ်ပြီးထိထိရောက်
ရောက် သတိမပေးနိုင်ဘူးဆိုတာ သိလာတဲ့အတွက် အရောင်တွေပြောင်းထားတယ်လို့ သိရတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ ဆက်သုံးနေတုန်းပဲ။ ကျွန်တော်တို့က ကညန နဲ့ လမ်းတံတားဌာနနဲ့
ညှိနှိုင်းပြီးတော့ နိုင်ငံတကာစံချိန်စံညွှန်း အတိုင်းဖြစ်အောင် ပြင်ဖို့လုပ်နေတယ်။ အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ အမီပေါ့။ အဲဒီအချိန်မှာ နိုင်ငံခြားသားတွေလည်း အများကြီးလာမှာဆိုတော့
လမ်းညွှန်အမှတ်အသားတွေကို အင်္ဂလိပ်လိုရေးဖို့ပါ လုပ်နေတယ်။ ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ လမ်းတံတားဌာနနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးလုပ်မှာပါ။ အောက်တိုဘာလ
ကုန်လောက်မှာ အပြီးလုပ်မယ်လို့မှန်းထားပါတယ်" ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး၊
ရဲမှူးကြီးလင်းထွဋ်က ပြောသည်။

၎င်းတို့အနေဖြင့် ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုပြဿနာကို အထိုက်အလျောက်ဖြေရှင်း
ပေးနိုင်ရန်အတွက် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ခန့်က စတင်ကျင့်သုံးခဲ့သော အချိန်ပိုင်းယာဉ်မရပ်ရ
စနစ်ကို ပြန်လည် ကျင့်သုံးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေ ဖြင့်လည်း ဩဂုတ်လ
၂၂ ရက်နေ့မှ စတင်ကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အထူးအဖွဲ့များ ဖွဲ့စည်းထားပြီး တစ်နေ့လျှင်
အထူးအဖွဲ့ နှစ်ဖွဲ့ဖြင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး