ကိုယ်ပိုင်ယာဉ်များ မသုံးစွဲရနေ့ကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်
သော်လည်း ထပ်မံပြုလုပ်သွားရန် မဆွေးနွေးရသေးဟု ဆိုသည်။
"တချို့နိုင်ငံတွေမှာတော့ တစ်လတစ်ခါ လုပ်တယ်။ လောလောဆယ်တော့ ဒီတစ်ခါပဲလုပ်ဖို့
ပြောထားတာရှိသေးတယ်။ ကျန်တာဘာမှ ဆွေးနွေးထားတာ မရှိသေးဘူး။ ယာဉ်စည်းကမ်း
ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကို စီမံချက်ရေးပြီးတင်ထားတယ်။ နောက်ပိုင်းဆက်လုပ်ဖြစ်တဲ့
အစီအစဉ်တွေရှိရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန်သွားမှာပါ" ဟု
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး
ဆပ်ကော်မတီမှ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။
ရန်ကုန်မြို့၌ ကိုယ်ပိုင်ယာဉ်များ မသုံးစွဲရနေ့ကို ယခုလ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်
ကြောင်း ကြေညာထားသည်။
"အနက်ရောင်နံပါတ်ရှိတဲ့ ကိုယ်ပိုင်ယာဉ်တွေ မသွားရတာပါ။ အနက်ရောင်မဟုတ်တဲ့ အနီရောင်
ယာဉ်တွေ ပြေးဆွဲခွင့်ရှိတယ်။ အဝါရောင်ဘုန်းကြီးကားတွေ ပြေးဆွဲခွင့်ရှိတယ်။ အဖြူရောင် သံရုံး
ကားတွေ ပြေးဆွဲခွင့်ရှိတယ်။ အပြာရောင် ခရီးသွားလုပ်ငန်းကားတွေ ပြေးဆွဲခွင့်ရှိတယ်။
အနက်ရောင်တစ်ခုသာ ပြေးဆွဲခွင့် မရှိတာပါ" ဟု ဦးလှသောင်းမြင့် ကပြောသည်။
ကိုယ်ပိုင်ယာဉ်မောင်းနှင်ခွင့် မရှိသောနေရာများမှာ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များ
ဖြစ်ပြီး စည်ပင်သာယာနယ်နိမိတ် ပြင်ပနေရာများ၊ ရန်ကုန်မြစ် တောင်ဘက်ခြမ်းဖြစ်သော
ရွှေပြည်သာ၊ လှိုင်သာယာမြို့ နယ်များ၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် အောင်မင်္ဂလာအဝေးပြေး
ကားဂိတ်၊ ငမိုးရိပ်ချောင်း အရှေ့ဘက်တွင်ရှိသော မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံနှင့် ဒဂုံဆိပ်ကမ်း
မြို့ နယ်စသော မြို့နယ်များ မပါ၀င်ကြောင်းသိရသည်။
"ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျင့်သုံးနေကြပြီး အစိမ်းရောင်ကမ္ဘာကို ရှေးရှုတဲ့နေရာ
မှာ လေထုညစ်ညမ်းမှု တစ်ရက်သက်သာခြင်းအားဖြင့် အသက်တစ်ရက် ပိုရှည်တယ်လို့ ရည်ရွယ်
ပြီး ကျင့်သုံးခဲ့ကြတာပါ" ဟု ဦးလှသောင်းမြင့်ကပြောသည်။
"အချိန်က မနက် ၆ နာရီကနေ ညနေ ၃ နာရီအထိပဲ။ တနင်္ဂနွေနေ့လည်းဖြစ်တယ်။ လုပ်ရတာ
လည်းအဆင်ပြေတဲ့အတွက် အဲဒီအချိန်ကိုရွေးတာပါ။ စုစုပေါင်း အချိန် ကိုးနာရီလုပ်သွားမှာပါ။
တကယ်လို့ တားမြစ်ထားခဲ့ရဲ့သားနဲ့ ကားတွေမောင်းခဲ့ရင် မှတ်သားဖမ်းဆီးလောက်ပဲလုပ်မှာပါ" ဟု
၎င်းကပြောသည်။
ယခင်က ဌာနဆိုင်ရာယာဉ်များ မသုံးရနေ့အဖြစ် လတစ်လ၏ ပထမဆုံးနှင့် နောက်ဆုံး တနင်္ဂနွေ
နေ့များတွင် တစ်လ လျှင်နှစ်ကြိမ် သတ်မှတ်ခဲ့ဖူးကာ လောင်စာဆီသုံး သက်သာစေရန်အပြင်
အဆိုပါ ကားနားရက်တွင် မော်တော်ယာဉ်ကြံ့ခိုင်ရေးနှင့် အခြားလိုအပ်ချက်များကို ပြုလုပ်ရန်
ထိုသို့ သတ်မှတ်ပေးခြင်း ဖြစ်သည်ဟုဆိုသည်။
















