စက်ရုံကြီးတစ်ရုံရဲ့ ဘေးက ကွန်ကရစ် လမ်းလေးက လူသူရှင်းလင်းပြီး သစ် ပင်ရိပ်တွေနဲ့မို့
အေးချမ်းနေသယောင်ပါပဲ။
လမ်းနဖူးမှာ မေးတင်ဆောက်ထားတဲ့ တဲအိမ်လေးတွေကတော့ စာရွက်ဖြူဖြူလေး ရတဲ့နေ့ကစလို့
မအေးချမ်းနိုင်တော့ပါဘူး။
"ဒီစာရွက်ရတော့ ကျွန်မဖြင့် တစ်ပတ်လောက် အိပ်မပျော်ဘူး"လို့ အသက် ၃၁ နှစ်အရွယ် မရီရီမြင့်
က မြို့နယ်စည်ပင်သာယာက ပေးပို့ထားတဲ့ စာရွက်လေးကို ပြရင်းပြောတယ်။ မြို့နယ်
စည်ပင်သာယာ တံဆိပ်တပ်ထားတဲ့ စာရွက်လေးမှာတော့ လမ်းနယ်ကျူးအဆောက်အအုံ၊
ခြံစည်းရိုးများ ဖယ်ရှားရှင်းလင်းရန်ကိစ္စလို့ ခေါင်းစဉ် တပ်ထားပါတယ်။ ဩဂုတ်လ ၈ ရက် နေ့က
ပေးပို့ထားတဲ့ စာဖြစ်ပြီး ဩဂုတ် လ ၉ ရက်နေ့ အပြီးဖယ်ပေးဖို့ ညွှန်ကြားထားပါတယ်။ ဓနိမိုးပြီး
ပလတ်စတစ်၊ ဂုန်နီအိတ် စသဖြင့် အဆင်ပြေသလို ကာရံထားတဲ့ တဲငယ်လေးရဲ့ အရှင်သခင်
ကတော့ နေမကုန်ခင် ဈေးပြေးရောင်းနိုင်ဖို့ အရေး ပြင်ဆင်နေရပါတယ်။
"မနက်က သူတို့ခေါ်တဲ့ အစည်းအဝေး သွားလိုက်ရတော့ ဈေးမရောင်းရဘူး။ မသွားဘဲလည်း မနေ
ရဲဘူးလေ။ မီသလောက်တော့ ဈေးပြေးရောင်း လိုက်ဦးမယ်။ တစ်နေ့စာတစ်နေ့ ရှာရတာဆိုတော့
ဒီနေ့ကတော့ အဆင်မပြေတော့ဘူး"လို့ မရီရီမြင့်က ဆိုတယ်။
ဘုရင့်နောင်တံတားမှာ ယာဉ်ကြော ပိတ်ကျပ်တဲ့အချိန်လေး မရွေ့မလျား ရပ်နေရတဲ့ ကားတွေဆီ
ရာသီပေါ်သီးနှံ တွေကို ခွဲစိတ်ရောင်းချတဲ့ မရီရီမြင့်ရဲ့ ၀င်ငွေက မနက်စောစောကတည်းက
ရောင်းနိုင်ရင် တစ်နေ့ ကျပ်လေး၊ ငါးထောင်ရတယ်လို့ဆိုပါတယ်။
ခင်ပွန်းဖြစ်သူနဲ့အတူ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကနေ ရန်ကုန်ကို လာခဲ့တုန်းက ဒီလိုတွေကြုံ
ရမယ်လို့ မတွေးထားခဲ့ဘူးလို့ သူက ဆိုတယ်။
"နှစ်စလောက်တုန်းက ရန်ကုန် ကိုရောက်လာခဲ့တာ။ လင်မယား နှစ်ယောက်ပေါင်းမှ ပိုက်ဆံ
တစ်သိန်း ကျော်ပဲပါတယ်။ ခရီးစရိတ်နဲ့ ဘာနဲ့ ရန်ကုန်ရောက်ပြီး နှစ်ရက် လောက်နေတော့
လက်ထဲမှာ ပိုက်ဆံ သုံးသောင်း ပဲ ကျန်တယ်။ အလုပ်ရှာရင်း ဒီဘက် (လှိုင်သာယာဘက်)
ရောက်တော့ သူများတွေ ဒီနားမှာ တဲထိုးနေနေကြတာ တွေ့တာနဲ့ ကိုယ်လည်းနေလိုက်တော့တာ"
အခက်အခဲတွေနဲ့ အလွယ်တကူပဲ ဖြစ်သလို နေထိုင်လိုက်ကြတဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုဟာ ဥပဒေ
ကို ချိုးဖောက်နေတာလို့ တွေးခဲ့မိပုံမရပါဘူး။
လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ စီမံချက်အရ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးနံဘေးက
ကျူးကျော်တဲတွေကို ဖယ်ရှားရှင်းလင်းဖို့ ဖြစ်လာတဲ့အခါကျမှ သတိပေးနို့တစ်စာတွေကို ရကြတာ
ပါ။
စည်ပင်သာယာနယ် နိမိတ်အတွင်းက ကျူးကျော်တဲနဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဩဂုတ်လဆန်းမှာ တစ်ခါ၊ စက်တင်ဘာလဆန်းမှာ တစ်ခါ
နို့တစ်စာ ပို့ထားပြီးဖြစ်ပါတယ်။
"အိမ်ငှားနေဖို့ကလည်း မလွယ်ဘူး။ အနည်းဆုံး ၂၀,၀၀၀၊ ၂၅,၀၀၀ ပေးရ တာ။ ကျွန်မတို့ဝင်ငွေနဲ့
ဘယ်လိုမှ အဆင်မပြေဘူး။ ဒီက တကယ်ဖယ်ရပြီ ဆိုရင်တော့ အိမ်ငှားနေဖို့ ရှာရင်လည်းရှာ၊
မရရင်လည်း ကြည့်နေရမှာပေါ့" လို့ သစ်သီးအခွံခွာနေတဲ့ ဓားကို ပစ်ချလိုက်ရင်း သက်ပြင်းမောနဲ့
ဆိုတယ်။
ဒေါ်မြင့်မြင့်သန်းကတော့ ရန်ကုန် ကို လွန်ခဲ့တဲ့ လေးနှစ်က ရောက်လာခဲ့ပြီး လှိုင်သာယာစက်မှုဇုန်
ထဲက လမ်းဘေးတစ်နေရာမှာ အသုပ်စုံရောင်းပါတယ်။
သူ့ကျူးကျော်ဆိုင်လေးက ၀ါးလုံးထောက်၊ တာလပတ်ကာပုံစံ လေးပါ။ အိပ်စရာ တစ်ယောက်စာ
ကွပ်ပျစ်လေးရယ်၊ အသုပ်စုံ ရောင်းတဲ့ ခုံလေးရယ်၊ အိုးခွက်တွေရယ်အပြင် သူပိုင်ဆိုင်သမျှ
ကလေးနှစ်ယောက် ရှိနေပါသေးတယ်။
"ကလေးတွေကိုတော့ အိမ်ခန်းလေး ငှားပြီးထားတယ်။ ကျောင်းသားတွေဆိုတော့ စာကျက်ရမယ်
လေ။ အစ်မကတော့ဒီမှာပဲ အိပ်တယ်၊ အိမ်ခန်းက ခြင်ထောင်တစ်လုံးစာပဲ ရှိတယ်။ ကလေး
နှစ်ယောက်ထက် ပိုနေလို့မရဘူး"လို့ သူ့အနေအထားကို ပြောပြတယ်။
အနယ်နယ်အရပ်ရပ်က အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးကနေ လာသူအများအပြား
လှိုင်သာယာမြို့ နယ်မှာ နေထိုင်နေပြီး ကျဉ်းမြောင်းလွန်းတဲ့ အခန်းလေးတွေမှာ ငှားနေကြသူတွေ
က အပြည့်အသိပ်။ အိမ်ခန်းငှားဖို့ တစ်လ ကျပ် ၁၅,၀၀၀ တောင် မတတ်နိုင်တဲ့သူတွေကတော့
လမ်းဘေးက ကြံုရာနေရာမှာ တဲထိုးပြီး နေကြရပါတယ်။
"ထမင်းချက်တာက လမ်းပေါ်မှာပဲချက်၊ ရေကတော့ အရင်က ဂျိုးဖြူပိုက်ကနေသွယ်ထားတဲ့ ပိုက်
တစ်ခုပေါက်နေတာရှိတယ်။ အဲဒီမှာ သွားတန်းစီပြီး ဖလားနဲ့ စစ်ခပ်ကြတယ်။ အခုတော့ စည်ပင်က
ပိုက်ကိုပြန်ပိတ်သွားလို့ ရေတစ်ပုံး ကျပ် ၁၀၀ နဲ့ ၀ယ်သုံးကြတယ်။ ကျူးကျော်ပြီးနေတော့ အိမ်လခ
ပေးစရာမရှိလို့ ရေဖိုး အပါအဝင် တခြား စရိတ်စကက တတ်နိုင်သေးတယ်။ အိမ်လခပေးရမယ်ဆို
ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ မသိဘူး" လို့ မရီရီမြင့်က ပြောပါတယ်။
ကျူးကျော် နေထိုင်ကြသူတွေဟာ လက်လုပ် လက်စားသမားတွေဖြစ်ပြီး တစ်နေ့ဝင်ငွေ ပျမ်းမျှ
ကျပ် ၃,၀၀၀ ၀န်းကျင်ပဲ ရရှိကြပါတယ်။
လူနေမှု စားရိတ်ကြီးမြင့်တဲ့ မြို့ပြပတ်ဝန်းကျင်မှာ သူတို့ရဲ့ ၀င်ငွေလေးဟာ စားသောက် နေထိုင်နိုင်ရုံ
ပဲရှိပြီး နေမှုအတွက် အိမ်ငှားခကို တစ်လုံးတည်းပေးနိုင်လောက်အောင် ငွေပိုငွေလျှံ မရှိပါဘူး။
စက်တင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက် နေ့တွေမှာ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့အပါအဝင်
မြို့နယ်ဥပဒေအရာရှိ၊ ရဲအရာရှိနဲ့ မြို့နယ်စည်ပင်က အရာရှိတွေ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်
အတွင်းက ကျူးကျော်နေထိုင်သူတွေကို အမြန်ဆုံးဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားပေးရင် ချိုးဖောက်ရာ
ကျတဲ့ ပြစ်မှုတွေနဲ့ ကျခံရမယ့် ပြစ်ဒဏ်တွေကို လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမမှာ ရှင်းလင်း
ပြောပြခဲ့ကြပါတယ်။
"ကျွန်မတို့ ကိုယ်တိုင်လည်း ၀န်ထမ်းတွေပါပဲ။ ၀န်ထမ်းတွေဆိုတော့ ဥပဒေအရ လွှဲအပ်ညွှန်ကြား
တာကို လုပ်ကြရပါမယ်။ ဒီလို မလွှဲမရှောင်သာ ဖယ်ရှား ရှင်းလင်းရတဲ့အခါ အများပြည်သူနဲ့
မလိုလားအပ်တဲ့ ပြဿနာဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဥပဒေကို အရင်ရှင်းလင်းပြထားတာပါ"
လို့ လှိုင်သာယာမြို့နယ် ဥပဒေအရာရှိ ဒေါ်သန္တာအောင် က မြန်မာတိုင်း(မ်)ကို ပြောတယ်။
စာရင်းအရ ဆောက်လုပ်ရေးပိုင် မြေနေရာထဲက ကျူးကျော်အိမ်ခြေ ၆၀၀ ကျော်နဲ့ စည်ပင်ပိုင်မြေ
ဧရိယာထဲက အိမ်ခြေ ၂၀၀ ကျော်ကို ဖယ်ရှားပေးဖို့ စာပို့ထားတာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ်
သတိပေးတာဖြစ်ပါတယ်။
"ကျွန်တော်တို့ ငါးကြိမ် စာပို့ပါမယ်။ အဲဒီနောက်ပိုင်း မဖယ်တဲ့သူတွေကိုတော့ ဥပဒေလည်း
ရှင်းပြပြီးပြီမို့ ဥပဒေနဲ့ပဲ ဆက်လက်ဆောင်ရွက်ပါမယ်" လို့ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးထိန်စိုးက ပြောတယ်။
ရှင်းလင်းပွဲကို ရောက်လာကြတဲ့ ကျူးကျော်နေထိုင်သူတွေက ကလေးတွေ ကျောင်းဖွင့်ရက်ကြီးမို့
ပြောင်းခိုင်းတဲ့အချိန်ကို နောက်ဆုတ်ပေးဖို့၊ တရားဝင် နေစရာတစ်နေရာ သတ်မှတ်ပေးဖို့ စတာ
တွေကို တောင်းဆိုခဲ့ကြတယ်။
"ကျွန်တော်တို့ မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး။ သူတို့လိုအပ်တာတွေကို တင်ပြပြီး လုပ်ပေးနိုင်တာ
လုပ်ပေးသွားပါ့မယ်"လို့ ဦးထိန်စိုးက ပြောတယ်။
လှိုင်သာယာမြို့နယ်မှာ အိမ်ရာအတည်တကျမရှိဘဲ ကျူးကျော်နေထိုင် သူဦးရေဟာ တစ်စထက်
တစ်စ များပြားလာနေပြီး တချို့ကလည်း မြေဖယ်ခိုင်းတဲ့အခါ နစ်နာကြေးရခြင်းအားဖြင့် စီးပွားရေး
ဆန်ဆန် လုပ်နေကြတာတွေလည်းရှိပေမယ့် များသောအားဖြင့် တကယ်မရှိဆင်းရဲသားတွေ
နေကြတာ ဖြစ်တာကြောင့် စိတ်မကောင်းပေမယ့် ဥပဒေက ဥပဒေပဲလို့ သူက ပြောတယ်။
စက်တင်ဘာလဆန်းက ပေးပို့ထားတဲ့ နို့တစ်စာဟာ ဒုတိယမြောက်စာဖြစ်တာကြောင့် ကျူးကျော်
အဖြစ်သတ်မှတ်ခြင်းခံရသူတွေရဲ့ နေထိုင်ခွင့်သက်တမ်းဟာ နောက်ထပ် စာသုံးစောင် အပြီးမှာ
ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
သတ်မှတ်ချိန် ကုန်ဆုံးတဲ့အခါမှာ ဥပဒေအတိုင်း ဆောင်ရွက်ရမယ့် တာဝန်ရှိသူတွေနဲ့ နေစရာ
တစ်နေရာစာကို အသပြာနဲ့ မလဲနိုင်သူတို့အကြား ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လို
အဖြေထုတ်ကြမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

















