ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသောက် သုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ခုနစ်နှစ် အရွယ်
ကလေးနှစ်ဦး မူးဝေအော့အန်ခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းမှာ ဆေး၏ဆိုးကျိုးကြောင့် မဖြစ်နိုင်ဘဲ
စိတ်ချစွာသောက်သုံးနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းကာကွယ်ဆေးကို နိုင်ငံအသီးသီးတွင် စမ်းသပ်ပြီးဖြစ်ကာ သောက်သုံးခြင်းဖြင့် ဆိုးဝါးသည့်
အကျိုးဆက် မဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ စိတ်ချယုံကြည်စွာ သောက်သုံးနိုင်သည်ဟု
ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက မြန်မာတိုင်း(မ်)ကို
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။
"သောက်သုံးတဲ့ လူပေါ်မှာမူတည်ပြီး အန်ချင် ပျို့ချင်တာလောက်တော့ ရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမဲ့ လူကို အသက်အန္တရာယ်မရှိ နိုင်ပါဘူး" ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်း ဝေးရေးအတွက် မြန်မာနိုင်ငံအနှံ့အပြားတွင်
စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကာကွယ်ဆေး တိုက်ကျွေးလျက်ရှိကာ ဆေးစတင်
တိုက်ကျွေးသည့် ၉ ရက်နေ့ ညနေတွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ
ကလေးနှစ်ဦးသည် ဆေးသောက်သုံးပြီး မူးဝေအော့အန်သည်ဆိုကာ ရန်ကုန်ကလေးဆေးရုံကြီးသို့
ရောက်ရှိခဲ့သည်။
အဆိုပါ ကလေးများမှာ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သောက်သုံးပြီးနောက် တစ်ဦးမှာ
၁၅ မိနစ်ခန့်နှင့် အခြားတစ်ဦးမှာ တစ်နာရီခန့်အတွင်း မူးဝေအော့အန်ခဲ့သောကြောင့် ဆေးရုံသို့
တင်ပို့ခဲ့ရခြင်းဖြစ်သည်ဟု မိဘများက ပြောသည်။
ကလေးများမှာ ဆေးမသောက်မီ ပုံမှန်အစားအသောက်ကိုသာ စားသောက်ခဲ့ပြီး ထူးထူးခြားခြား
တစ်စုံတစ်ရာ မစားသောက်ခဲ့ဟု ၎င်းတို့က ပြောသည်။
ရန်ကုန်ကလေးဆေးရုံကြီး ဆေးကုဆောင်(၂)မှ တွဲဖက် ပါမောက္ခ ဒေါက်တာမေလွင်က
ကလေးများ မူးဝေအော့အန်ခြင်းမှာ ကာကွယ်ဆေးကြောင့် မဖြစ်နိုင်ဟု မြန်မာတိုင်း(မ်)ကို
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။
"ဒီဆေးကြောင့်လို့ တစ်ထစ်ချပြောလို့ မရဘူး။ တစ်ခုခု စားမိထားပြီး ဆေးသောက်တာနဲ့
ကြံုကြိုက်သွားတာမျိုး ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
"ဆေးကြောင့်သာဆိုရင် တစ်နိုင်ငံလုံးမှာ ဖြစ်နေမှာပေါ့။ အခုက ဒီနှစ်ယောက်ပဲ ဖြစ်တာဆိုတော့
တိုက်ဆိုင်သွားတာ ဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။
မြန်မာတိုင်း(မ်)မှ ကလေးနှစ်ဦးထံ သွားရောက်ခဲ့သော စက်တင်ဘာလ ၁၀ ရက်နေ့တွင်
အခြေအနေကောင်းနေသည်ကို တွေ့ရသည်။
"ကလေးတွေမှာ ရှော့ခ်ဖြစ်တဲ့ လက္ခဏာတော့ မတွေ့ရဘူး။ အန်တာပဲ ရှိပါတယ်" ဟု ဒေါက်တာ
မေလွင်က ပြောသည်။
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူကုန်ဆေးကျွေးခြင်း စီမံကိန်းကို ယခုနှစ်မှ စတင်ခါ မကွေး၊
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်
တို့တွင် တိုက်ကျွေးသွားမည်ဖြစ်သည်။
လူဦးရေ ၃၅ ဒသမ ၅ သန်း ကို တိုက်ကျွေးနိုင်ရန် ရည်ရွယ်သည်ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ
သိရသည်။
ကာကွယ်ဆေးတိုက်ကျွေးရာတွင် အသက် နှစ်နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နှင့် ရောဂါ
တစ်ခုခုကြောင့် ဆေးသောက်သုံးနေသူများမှ လွဲ၍ ကျန်လူများအားလုံးကို တိုက်ကျွေးမည်ဖြစ်
သည်။
ဆေးသောက်ပြီး ၂၄ နာရီအတွင်း သို့မဟုတ် ၂၄ နာရီ ကျော်ပြီး တစ်စုံတစ်ရာ ခံစားရပါက
အနီးဆုံးကျန်းမာရေး ၀န်ထမ်းများအား ပြသရန်လိုသည်ဟု သိရသည်။
ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို သန်ချဆေးနှင့် တွဲဖက်သောက်သုံးရမည်ဖြစ်ကာ
အသက် ၂ နှစ်မှ ၅ နှစ်အတွင်း ဆေးပြား တစ်ခြမ်း၊ အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်း ဆေးပြား
တစ်ပြားနှင့် အသက် ၁၄ နှစ်အထက် တစ်ပြားခွဲ သောက်သုံးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးရန်
ရည်မှန်းချက်ထားရှိထားကြောင်း သိရသည်။
















