၁၉၉၄ ခုနှစ်က နိုင်ငံတော်စီမံကိန်းအတွက်ဟုဆိုကာ သိမ်းယူထားသော ဗိုလ်တထောင်မြို့ နယ်မှ
နှစ် ၉၀ ဂရန်မြေများအား ကုမ္ပဏီများကို စာရွက်စာတမ်းမရှိဘဲ ဆောက်လုပ်ခွင့် ပေးထားခြင်းနှင့်
ပတ်သက်၍ နေထိုင်သူများက ယခုလ ၁၀ ရက်နေ့တွင် ပ ဉ္စမအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စုစုပေါင်း ၃၅ ဧကဝန်းကျင်ရှိသော ဗိုလ်တထောင်မြို့နယ်ရှိ အရပ်အခေါ် ဘီအိုအေဒီဝင်း နှင့်
စီအိုဒီဝင်းဟုခေါ်သော နေရာတွင် ၀ါ၀ါ၀င်း၊ ယုဇန၊ အေဒင်နှင့် ပတ္တမြားနဂါးကုမ္ပဏီတို့က
အဆောက်အအုံများ ဆောက်လုပ်နေမှုအပေါ် ကန့်ကွက်နေကြခြင်းဖြစ်ပြီး အဆိုပါ ဆောက်လုပ်နေ
မှုများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန
နှစ်ခုအနက် မည်သည့်ဌာနက တာဝန်ယူထားသည်ကို ပွင့်လင်းမြင်သာစွာ ပြောဆိုမှုမရှိခြင်း
စသည်တို့ကိုလည်း ပြောဆိုခဲ့ကြသည်။
"အဆောက်အအုံတွေ စဆောက်ကတည်းက ကျွန်တော်တို့ ဆိုက်တာဝန်ခံကိုမေးတယ်။ အိုးအိမ်
က ခွင့်ပြုလို့ဆောက်တာလို့ ပြောတယ်။ နောက်ခွင့်ပြုမိန့်ပြလို့ဆိုတော့ စည်ပင်က ခွင့်ပြုလို့ဖြစ်
သွားတယ်။ စည်ပင်က တောင်ပိုင်းခရိုင်ဌာနမှူးကို သွားတွေ့တော့ သူတို့ ခွင့်မပြုထားဘူးလို့ပြော
တယ်"ဟု ဂရန်ပိုင်ဆိုင်ထားသူ ဦးမြင့်အောင်က ပြောသည်။
အိုးအိမ်ဦးစီးဌာနက တာဝန်ရှိသူများကို တွေ့ဆုံနိုင်ရန် အကြိမ်ကြိမ် ခွင့်တောင်းထားသော်လည်း
တွေ့ခွင့်မရကြောင်းနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများကိုလည်း တွေ့ခွင့်မရကြောင်း ၎င်းက
ဆိုသည်။
"လေးလပိုင်းကတည်းက ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာ ဒါပါနဲ့ဆို ငါးကြိမ်ရှိသွားပါပြီ။ ဒါပေမဲ့
တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိသေးပါဘူး။ စည်ပင်ကလည်း သူတို့ခွင့်ပြုချက်မရဘဲ ဆောက်နေ
တာဖြစ်တဲ့အတွက် တရားစွဲမှာပါလို့ ကျွန်တော်တို့ကို ပြောထားပေမယ့် စီအိုဒီဝင်းမှာ
အဆောက်အအုံတွေသာ ဆောက်ပြီးသွားတယ်၊ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူး။
ကျွန်တော်တို့အနေနဲ့ အိုးအိမ်ဖြစ်ဖြစ်၊ စည်ပင်ဖြစ်ဖြစ် သက်ဆိုင်ရာဌာနတစ်ခုက တာဝန်ယူဖြေရှင်း
ပေးတာမျိုး လိုချင်ပါတယ်"ဟု ဦးမြင့်အောင်က ပြောသည်။
"မြေအသိမ်းခံရတာက နိုင်ငံတော်စီမံကိန်း အတွက်ဆိုပြီး ၁၉၉၄ ခုနှစ်တုန်းက သိမ်းလိုက်တာပါ။
ဒီမြေကို အစိုးရအဆက်ဆက် ကုန်သွယ်ရေးအတွက် ငှားတယ်။ နောက်စစ်ဌာနချုပ်က ပစ္စည်း
သိုလှောင်ရေးအတွက် ငှားတယ်။ အကုန်လုံး စာချုပ်စာတမ်းနဲ့ ပစ္စည်းငှားခ ပုံမှန် ပေးပြီး ငှားခဲ့တာ။
၉၄ ရောက်မှ စီမံကိန်းလုပ်မယ်ဆိုပြီး ပြည်သူပိုင် သိမ်းလိုက်တယ်။ စီမံကိန်း မဖြစ်ရင် မူလပိုင်ရှင်
တွေဆီ ပြန်ပေးသင့်တယ်လို့ ထင်ပါတယ်"ဟု ဦးတင်ဦးက ပြောသည်။
"ကျွန်တော်တို့ အခုလောလောဆယ်တောင်းချင်တာက ဌာနဆိုင်ရာ တာဝန်ရှိသူတွေရယ်၊ ကုမ္ပဏီ
တွေက တာဝန်ရှိတဲ့သူတွေကို တွေ့ခွင့် ရဖို့ပါပဲ။ ဒီစီမံကိန်းက ခွင့်ပြုချက်နဲ့ ဆောက်တာပါဆိုရင်
ကျွန်တော်တို့ကို မတွေ့နိုင်စရာ ဘာမှမရှိပါဘူး"ဟု ဦးမောင်မောင်တင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက အဆိုပါ အငြင်းပွားမှုအား
မြို့တော်စည်ပင်တွင် အသစ်ဖွဲ့စည်းမည့် ကွန်ပလိန်းဆက်ရှင်တွင် တင်ပြတိုင်ကြားနိုင်ပြီး အဆိုပါ
ကော်မတီမှ တာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပြောသည်။
၀ါ၀ါ၀င်းနှင့် ပတ္တမြားနဂါး ကုမ္ပဏီတို့ထံမှ အကြောင်းပြန်ကြားမှု မရရှိခဲ့ဘဲ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကမူ အဆိုပါ အငြင်းပွားမှုအား
ကုမ္ပဏီအနေဖြင့် ပါ၀င်ပတ်သက်မည်မဟုတ်ဟု ဆိုသည်။
"ဒါက မြေပိုင်ရှင်ဆိုသူတွေနဲ့ အိုးအိမ်ကြားက အငြင်းပွားမှုပါ။ ဒီကိစ္စကို ဖြေရှင်းရာမှာ ကုမ္ပဏီဘက်
က ပါ၀င်ပတ်သက်မှာ မဟုတ်ပါဘူး။ သူတို့တွေ ဖြေရှင်းပြီးမှ ကုမ္ပဏီက စီမံကိန်းကို ဆက်လုပ်မှာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

















