လျှပ်စစ်ဥပဒေ အပြီးသတ်ရန် အချိန်ယူရဦးမည်

လျှပ်စစ်ဥပဒေ အပြီးသတ်ရန် အချိန်ယူရဦးမည်

လျှပ်စစ်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ရေးဆွဲနေခဲ့သည့် လျှပ်စစ်ဆိုင်ရာ ဥပဒေ
မှာ လက်ရှိအချိန်ထိ ဥပဒေကြမ်းအဆင့် သာရှိနေပြီး အပြီးသတ်ရေးဆွဲနိုင်ရန် အချိန်ယူရဦးမည်
ဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

"လျှပ်စစ်ဥပဒေကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းရေးဆွဲနေပါ
တယ်။ ဘယ်အတိုင်းအတာထိ ပြီးသလဲဆိုတာ ပြောဖို့ စောသေးတယ်။ အထက်အဆင့်ဆင့်နဲ့
လုပ်နေတဲ့အတွက် ဘယ်အချိန်ပြီးနိုင်မလဲဆိုတာ မပြောချင်သေးဘူး" ဟု လျှပ်စစ်စွမ်းအား ၀န်ကြီး
ဌာန ဒုတိယဝန်ကြီးဖြစ်သူ ဦးအောင်သန်းဦးက စက်တင်ဘာလအစောပိုင်း ကပြောကြားခဲ့သည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပခဲ့သည့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ
သို့ တက်ရောက်လာခဲ့သည့် လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအား မြန်မာတိုင်း(မ်) က မေးမြန်းခဲ့
ရာတွင် လျှပ်စစ်ဥပဒေအပြီးသတ် ရေးဆွဲရန် အဆင့်များစွာကျန်ရှိနေသေးပြီး လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်း လိုအပ်ချက်များသည် အရေးကြီးဆုံးဖြစ်နေ
သည့် မြန်မာ နိုင်ငံတွင် လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်း
များအား ၀န်ကြီးဌာန၏ တည်ဆဲအမိန့်စာ၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်နေသည်ဟု
လည်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ လျှပ်စစ်ဥပဒေ ရေးဆွဲဖို့ အစည်းအဝေးထိုင်တဲ့အခါ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက
တာဝန်ရှိသူတွေလည်း ပါပါတယ်။ ဥပဒေ မပြီးသေးဘူးဆိုပေမယ့် လက်ရှိ၀န်ကြီး ဌာနကလုပ်နေတဲ့
စီမံကိန်းတွေအတွက်တော့ ဥပဒေရဲ့အာဘော်နဲ့ လိုက်လျောညီထွေဖြစ်ရမှာပေါ့ဗျာ။ နောက်ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ရှိနေတာပဲ။ ကျွန်တော်တို့ ဆွဲနေတဲ့ ဥပဒေကလည်း ဒီဥပဒေ
တွေနဲ့ သဘောထား ကိုက်ညီရမှာပါ" ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဆိုင်ရာကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးသိန်းလွင်က ပြောကြားသည်။

လျှပ်စစ်ဥပဒေသည် ဥပဒေမူကြမ်းအဆင့် ပြီးစီပြီဖြစ်သော်လည်း အပြီးသတ်ရန် အဆင့်များစွာ
ကျန်ရှိနေသေးပြီး ထင်သာမြင်သာဥပဒေ တစ်ခုဖြစ်လာရန် အချိန်ယူရေးဆွဲနေရခြင်းဖြစ်သည်
ဟုလည်း ၎င်းက ပြောကြားသည်။

"ဒီနှစ်မကုန်ခင်ပြီးဖို့တော့ မှန်းထားပါတယ်။ ဒီဥပဒေမှာ အရေးတကြီး ထည့်သွင်း စဉ်းစားရမယ့်
အချက်တွေလည်း ရှိနေတယ်။ ဥပမာ ပြည်တွင်းမှာ လက်ရှိသုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေ စံချိန်
စံညွှန်းနဲ့ မကိုက်ညီတာမျိုးပေါ့။ အဲဒါတွေကို ဖမ်းဆီးအရေးယူပြီး ဖျက်ဆီးပစ်နိုင်တဲ့ အနေအထား
တွေအထိ ဥပဒေမှာပါလာဖို့ ရှိတယ်" ဟု ဦးသိန်းလွင်က ပြောကြားခဲ့သည်။

အဆိုပါ လျှပ်စစ်ဥပဒေ ရေးဆွဲရာတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန် အပြည်ပြည်
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဂျိုက်ကာ) တို့က နည်းပညာပိုင်းဆိုင်ရာ အကူအညီများ
ပေးခဲ့သည်ဟုလည်း သိရသည်။

"လျှပ်စစ်ဥပဒေကြမ်းကို ကြည့်ပေးဖို့ ၀န်ကြီး ဌာနကနေ ကျွန်တော်တို့ကို အကူအညီတောင်းတဲ့
အတွက် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေနဲ့ ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အကြံပြုချက်
တွေကိုလည်း ၀န်ကြီးဌာနက လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ တခြား
အဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေကလည်း နည်းပညာအကူအညီတွေ ပေးခဲ့ပါတယ်" ဟု
အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲမှ အကြီးအကဲဖြစ်သူ Puta Kamayana က
ပြောသည်။

အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် တိုးတက်
ကောင်းမွန်လာစေရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဖြင့် ပူးပေါင်းဆောင်ရွက်နေပြီး ရန်ကုန်မြို့တွင်
ဇုန်ငါးခုခွဲ၍ ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီး
မြှုပ်နှံသွားမည်ဖြစ်သလို ကမ္ဘာ့ဘဏ်၊ ဂျိုက်ကာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက
ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသည့် ပုဂ္ဂလိကကုမ္ပဏီ လေးခု
ရှိပြီး ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ကိုင်ရန် လေ့လာနေသည့် ပုဂ္ဂလိက ကုမ္ပဏီများလည်း
ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး