ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မျက်နှာစာ မဟာဗန္ဓုလပန်းခြံရှေ့တွင် စက်တင်ဘာလ ၂၂ ရက် နေ့
မွန်းလွဲ ၂ နာရီခွဲခန့်မှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ
အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် အခြားစက်ရုံများတွင် ဦးစားပေးခန့်ထားနိုင်ရန် ဆောင်ရွက်
ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးဦးစိုးမင်းက ပြောကြားခဲ့သည်။
စက်ရုံပိတ်သိမ်းခဲ့သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားကြသော အလုပ်သမားများက သပိတ်စခန်း
ဖွင့်လှစ်ဆန္ဒပြခဲ့ကြပြီးနောက် တာဝန်ရှိသူများ၏ ညှိနှိုင်းပေးမှုဖြင့် အချက်ငါးချက် ပြေလည်မှုရရှိ
ခဲ့ကာ စက်တင်ဘာလ ၂၃ ရက်နေ့ ည ရ နာရီခွဲခန့်တွင် သပိတ်စခန်းကို ဖျက်သိမ်းခဲ့ကြသည်။
ပြေလည်မှုရရှိစေရန်အတွက် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ
ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်ခန်းမအတွင်း ၀န်ကြီး ဦးစိုးမင်း၊ အအေးခန်းစက်ရုံ ကိုယ်စားလှယ်
ဦးနေထွန်းစံနှင့် ဆန္ဒပြအလုပ်သမားခေါင်းဆောင်များ နှစ်နာရီခွဲကြာ ဆွေးနွေးခဲ့ပြီးနောက် ဆန္ဒပြ
နေသည့် မြို့တော်ခန်းမရှေ့တွင် စက်ရုံကိုယ်စားလှယ်နှင့် ၀န်ကြီးက ရှင်းပြ ဆွေးနွေးဖြေရှင်းရန်
ညနေ ၄ နာရီခန့်တွင် ရောက်ရှိခဲ့သော်လည်း စက်ရုံကိုယ်စားလှယ် ဦးနေကောင်းစံမှာ လမ်းမှ
ပြန်လှည့်သွားခဲ့သည့်အတွက် ၀န်ကြီးနှင့် ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းဦးစီးမှူး
ဦးကျော်ရည်ဦးတို့က ဆန္ဒပြအလုပ်သမားများနှင့် ကနဦး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
အပြန်အလှန် ပြောဆိုဆွေးနွေးမှုများအပြီးတွင် မြို့တော်ခန်းမအတွင်း၌ ထပ်မံ၍နှစ်နာရီခန့် ဆွေးနွေး
ခဲ့ကြပြီး ဆွေးနွေးချက်များကို သဘောတူကြောင်း အပြန်အလှန် စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ကာ
အဆိုပါစာချုပ်ကို ည ရ နာရီခွဲအချိန်တွင် အများပြည်သူရှေ့မှောက်၌ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းနှင့် အတူ ဟုန်ရှင်း အလုပ်သမားများအတွက် ကူညီဆောင်ရွက်ပေးသော အလုပ်သမား
သမဂ္ဂများ အဖွဲ့မှ ကိုကျော်ကျော်က ထုတ်ပြန်ကြေညာခဲ့ပြီး သပိတ်စခန်းကို ရုပ်သိမ်းခဲ့ကြခြင်းဖြစ်
သည်။
စာချုပ်ပါအချက်များမှာ ဟုန်ရှင်းအအေးခန်းစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းဖြစ်ကာ စက်ရုံပိတ်သိမ်း
ခြင်းအတွက် ဥပဒေအရ အလုပ်ရပ်စဲမှုအတွက် နစ်နာကြေးငွေနှင့် လုပ်ခ လစာ ကျန်ငွေများကို
စက်တင်ဘာလ၂၄ ရက် နေ့ နံနက် ၉ နာရီတွင် ဒဂုံဆိပ်ကမ်း ကနောင်ခန်းမ၌ အပြီးသတ်ပေး
အပ်ခြင်း၊ အလုပ်သမား ခေါင်းဆောင် ဦးမင်းမင်းနှင့် ဦးသီဟတို့အပေါ် ဖွင့်လှစ်ထားသည့်အမှုအား
အကောင်းဆုံးပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စက်ရုံအဆောင်နေ
သူများအနေဖြင့် စက်ရုံတွင် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီအထိ နေထိုင်ခွင့်ရရှိခဲ့ခြင်း
နှင့် နေထိုင်နေစဉ်ကာလအတွင်း စက်ရုံရှိ ပစ္စည်းများ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှုမရှိစေရန်
အလုပ်သမားများက တာဝန်ယူခြင်း၊ အလုပ်ရပ်စဲ နစ်နာကြေးပေးပြီးပါက အလုပ်ရှင် အလုပ်သမား
ကြားတွင် ဟုန်ရှင်း အအေးခန်းစက်ရုံနှင့် အခြားပေးရန်၊ ရရန်များ မရှိတော့ခြင်းစသည်တို့ ပါ၀င်ကာ
အလုပ်ရှင် အလုပ်သမားများ လက်မှတ်ရေးထိုးခဲ့သည်။
လျော်ကြေးများကို လုပ်သက်သုံးနှစ်နှင့် အထက်အတွက် လစာ ငါးလစာနှင့် လုပ်သက်သုံးနှစ်နှင့်
အောက်အတွက် သုံးလစာ နစ်နာကြေးများကို စက်တင်ဘာလ ၂၄ ရက်နေ့က ပေးအပ်ခဲ့သည်။
"အလုပ်သမားတွေအတွက် အလုပ်လက်မဲ့ မဖြစ်စေရေးဆောင်ရွက်သွားပါမယ်။ သူတို့ အလုပ်ပြုတ်
သွားရင် နောက်မှာ မှီခိုနေတဲ့ မိသားစုတွေအများကြီး နစ်နာလိမ့်မယ်။ ဒီတော့ တခြားစက်ရုံတွေမှာ
အလုပ်ရရှိရေးဆောင်ရွက်ပေးမယ်။ ဒဂုံဆိပ်ကမ်းအတွင်းမှာရှိနေတဲ့ စက်မှုဇုန်တွေအနေနဲ့
အလုပ်သမားခေါ်ဖို့ရှိတယ်ဆိုရင် အခုအချိန် အလုပ်လက်မဲ့ဖြစ်နေတဲ့ ဒီအလုပ်သမားတွေထဲက
လုပ်ချင်တဲ့သူတွေကို အကြောင်းကြားပေးတာ၊ မေတ္တာရပ်ခံပေးတာမျိုးလုပ်ပေးပါမယ်"ဟု
ဦးစိုးမင်းက ပြောသည်။
စက်ရုံအား အပြီးသတ်ပိတ်သိမ်းသည်ဆိုသည်ကို မယုံကြည်ကြသည့် အလုပ်သမားများကိုလည်း
၎င်းက အာမခံပြောကြားခဲ့သည်။
"ဒီစက်ရုံကို 'မဟာလင်းထက်'ဆိုတဲ့နာမည်နဲ့ ပြန်ဖွင့်မယ်လို့ ကြားသိနေတဲ့အတွက် ကျွန်တော်တို့
သိချင်တာက စက်ရုံဟာ အမှန်တကယ် ဒေဝါလီခံရတာလား၊ ဒါမှမဟုတ် နာမည်ပြောင်း ပြီးပြန်ဖွင့်
တာလားဆိုတာကို အလုပ်ထုတ်ခံရတဲ့ ကျွန်တော်တို့ လုပ်သားတွေအနေနဲ့ သိချင်တာပါ။ ဒါကို
စက်ရုံပိုင်ရှင်ကိုယ်တိုင်က ပြောသင့်တယ်မဟုတ်လား"ဟု အလုပ်သမားခေါင်းဆောင် ကိုမင်းမင်း
ကပြောသည်။
ဦးစိုးမင်းကမူ "ဒီစက်ရုံဟာ ကုန်ထုတ်စွမ်းအားကျဆင်းလို့ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ စက်ရုံက
အပြီးသတ် ပိတ်သိမ်းပါပြီလို့ ပြောထားပြီး ပြန်ဖွင့်ခဲ့ရင်တော့ အရေးယူသွားမှာပါ"ဟု ပြောကြားခဲ့
သည်။
သပိတ်စခန်း စတင်ဖွင့်လှစ်ခဲ့သည့်နေ့က ညနေပိုင်းတွင်တစ်ကြိမ်၊ ညပိုင်းတွင်တစ်ကြိမ်
ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူများ ဆန္ဒပြရာနေရာသို့ လာရောက်ခဲ့သော်လည်း မည်သို့မျှ
ဆောင်ရွက်မှုမပြုခဲ့ကြောင်း ဆန္ဒပြအလုပ်သမားအဖွဲ့က ပြောသည်။
ဆန္ဒပြမှုမှာ ကြိုတင်စာတင်ထားခြင်းမရှိသည့်အတွက် အရေးယူခံရနိုင်သည့် အခြေအနေတွင်ရှိ
သော်လည်း ခွင့်ပြုမပြုမသေချာသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဟုန်ရှင်း
အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသီဟက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီလိုနေရာမျိုးမှာ ဒီလိုသတ္တိနဲ့ လာလုပ်တာ သူတို့ပဲရှိတယ်။ ၂၂ ရက်နေ့ ညတစ်ညလုံး
အကြမ်းဖက်နှိမ်နင်းခံရမှာစိုးတဲ့အတွက် ထိန်းညှိပေးတာတွေလုပ်ခဲ့ရတယ်"ဟု အလုပ်သမား
ခေါင်းဆောင်နှစ်ဦးဘက်မှ အမှုလိုက်ပေးသော အထက်တန်းရှေ့နေ ဦးသိန်းလှိုင်ထွန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
ဟုန်ရှင်းအအေးခန်းစက်ရုံတွင် ရရှိသော အခြေခံလစာမှာ ယခင်က တစ်လလျှင် ကျပ်
တစ်သောင်းခွဲဖြစ်ပြီး ပြီးခဲ့သည့်နှစ်အနည်းငယ် အတွင်းက ကျပ်နှစ်သောင်းသို့ တိုးမြှင့်ခဲ့ကာ
ပထမအကြိမ်ဆန္ဒပြမှုအပြီးတွင် အခြေခံလစာ ငွေကျပ်နှစ်သောင်းခွဲသို့ ပြောင်းလဲသွားခဲ့ပြီး ယခု
ဆန္ဒပြသူများထဲတွင် လစာငွေအများဆုံး ရရှိသူမှာ ကျပ် ရှစ်သောင်းခန့်ဖြစ်ကြောင်း သိရသည်။
စက်ရုံ၌ ဆန္ဒပြမှုမှာ ယခုသုံးကြိမ် မြောက်ဖြစ်သည်။

















