မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မထသ) ရန်ကုန်တိုင်းဒေသကြီးမှ ဌာနခွဲ(၆)
အဆာက်အအုံကို အထပ်မြင့်အဆောက်အအုံအဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်မှုကို ၀န်ထမ်း
၆၀၈ ဦးက ကန့်ကွက်ခဲ့ကြောင်း မထသ (ရန်ကုန်တိုင်းဒေသ ကြီး)မှ ဒုတိယဌာနမှူးနှင့် မထသ
သယ်ယူပို့ဆောင်ရေး၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောသည်။
"အထပ်မြင့် အဆောက်အအုံ ဆောက်မယ်လို့ပဲ သိရတယ်။ ဘယ်လို ဆောက်မလဲဆိုတာတော့
အသေးစိတ် မသိရသေးဘူး။ ဥပမာ- ၁၂ ထပ် ဆောက်ရင် ကန်ထရိုက်က တစ်ခြမ်းရမယ်။ မထသ
က တစ်ခြမ်းရမယ်။ လက်ရှိ မှာ လုပ်ငန်းလိုအပ်ချက်အရလည်း အထပ်မြင့် အဆောက်အုံဆောက်
ဖို့ မရှိဘူး။ အဲဒီလိုဆောက်လိုက်လို့ ဘယ်လို အကျိုးအမြတ်မျိုး ရမလဲဆိုတာလည်း မသိရဘူး။
အဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ ယာဉ်လုပ်သားတွေ အတွက်သော်လည်းကောင်း
အကျိုး အမြတ်ရရင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အားလုံးရဲ့ သဘောထားကိုတော့ မေးမြန်းသင့်တယ်
လို့ ထင်တယ်" ဟု ဦးဝင်းဇော်က ပြောသည်။
အဆိုပါ အစီအစဉ်ကို ၀န်ထမ်းအားလုံးထံ အကြောင်းကြားခဲ့ခြင်းမရှိဘဲ မထသ ကော်မတီဝင် ရှစ်ဦး
တည်းကသာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာသော တင်ဒါခေါ်ယူမှုလည်းမရှိခဲ့ကြောင်း
သိရသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် မထသ ကော်မတီမှ မထသ(ဗဟို)၊ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့သို့ တင်ပြခဲ့ပြီး စက်တင်ဘာလ
၆ ရက်နေ့တွင် စည်ပင်သာယာရေးကော်မတီမှ အခြားဝန်ထမ်းများထောက်ခံမှုရှိ မရှိ သဘောထား
တောင်းခံသောအခါမှသာ အဆောက်အအုံဆောက်ရန်ကိစ္စ ကိုသိရှိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ၀န်ထမ်း ဦးဝင်းဇော် ဦးဆောင်၍ ၀န်ထမ်း ၆၀၈ ဦးက သဘော
မတူကြောင်း လက်မှတ်ရေးထိုးကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် နိုင်ငံတော်
သမ္မတတို့ထံသို့ ကန့်ကွက်စာများ ပေးပို့ခဲ့သည်။
မထသ (ရန်ကုန်တိုင်းဒေသကြီး) ကော်မတီဥက္ကဋ္ဌမှာ အစိုးရက တိုက်ရိုက် ခန့်အပ်ထားခြင်းဖြစ်ပြီး
လက်ရှိဥက္ကဋ္ဌ ဦးတင်ထွဋ်ကို အထပ်မြင့်အဆောက်အအုံ ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍
ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် အဆိုပါကိစ္စကို လုံးဝမသိကြောင်း နှင့် ပြန်လည်ဖြေကြားခြင်း
မပြုနိုင်ကြောင်း ပြောသည်။
ဌာနခွဲ အမှတ်(၆)မှာ သိမ်ဖြူလမ်း၊ ကန်တော်လေး စာတိုက်အနီး မင်္ဂလာတောင်ညွန့်မြို့နယ်၌
တည်ရှိသည်။
















