သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ တပ်ပိုင်မြေဟုဆိုကာ ပြောင်းရွှေ့
စေခိုင်းခြင်းခံခဲ့ရသူ ပြည်သူများက ၎င်းတို့၏မြေများအားပြန်ပေးရန် အကြိမ်ကြိမ် တောင်းဆိုသော်
လည်း မရသဖြင့် ယခုလ ၂ ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် သပိတ်စခန်း စတင်
ဖွင့်လှစ်ခဲ့သည်။
မိကျောင်းကန်ရပ်ကွက် နေထိုင်သူများက ၎င်းတို့၏ မူလနေရာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရန်
အတွက် ဇန်နဝါရီလမှစတင်၍ ခုနစ်ကြိမ်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း တာဝန်ရှိသူများဘက်
က ဖြေရှင်းပေးခြင်းမရှိသဖြင့် သပိတ်စခန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဖြေရှင်းပေးမှုမရှိမချင်း ဆန္ဒ
ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
"သက်ဆိုင်ရာ ကော်မတီတွေ၊ ဌာနတွေကို စာတင်ပေမယ့် ဘာမှအကြောင်းမထူးလို့ ဆန္ဒထုတ်ဖော်
တာပါ။ ဒါပေမဲ့ ခုနစ်ကြိမ်သာ ဆန္ဒထုတ်ဖော်ပြီးသွားတယ်၊ ဖြေရှင်းပေးမှုမရှိတဲ့အတွက် သပိတ်စခန်း
ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဖြေရှင်းမပေးမချင်း ကျွန်တော်တို့ ဆန္ဒထုတ်ဖော်သွားမှာပါ"
ဟု နေထိုင်သူ ဦးကျော်လွင်က ပြောသည်။
ဟိုက်ကုတ်နှင့် မျက်နှာချင်းဆိုင်၊ မဟာဗန္ဓုလ ပန်းခြံဘေးနေရာတွင် လူဦးရေ ရာဂဏန်းရှိ
မိကျောင်းကန် ရပ်ကွက်နေထိုင်သူများက ကြွေးကြော်သံများနှင့် ယခုလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ
ခန့်က သပိတ်စခန်း စတင်ဖွင့်လှစ်ခဲ့ကြသည်။
မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မြေဧက ၁၀၀ ကျော်ကို ၁၉၉၀ ပြည့်နှစ်တွင် မီးရထား
ပိုင်မြေဟုဆိုကာ ဖယ်ခိုင်းခဲ့ကြောင်း၊ ထို့နောက် စည်ပင်ပိုင်မြေဟုဆိုကာ နို့တစ်စာများ ထုတ်၍
၁၅ ရက်အတွင်းဖယ်ခိုင်းခဲ့ပြီး မဖယ်ပေးသူများကို ထောင်ချခဲ့ကာ ဖယ်ရှားပေးသူများကိုလည်း
မြေတစ်ကွက်လျှင် ကျပ် ၄,၈၀၀ စီ သွင်းစေခဲ့ကြောင်း၊ ငွေမသွင်းနိုင်သူများကို ပဲခူးမြို့နယ် အစွန်
အဖျားများသို့ ပို့ခဲ့ကြောင်း နေထိုင်သူများက ပြောသည်။
"ဒါပေမဲ့ အားလုံး ဖယ်ပေးလိုက်ပြီးတဲ့ အချိန်လည်းကျရော တပ်ပိုင်မြေဆိုပြီး ဆိုင်းဘုတ် တပ်ခဲ့
တယ်။ အစကတည်းက ပွင့်လင်း မြင်သာမှု မရှိခဲ့တဲ့ မြေသိမ်းမှုပါ" ဟု ဦးကျော်လွင် က ဆိုသည်။
သိမ်းယူထားသော မြေများပေါ်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်ခြင်း၊ စိုက်ပျိုးရေးခြံ
များကို အငှားချထားခြင်းစသည်တို့ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
"မြေနေရာ အစားပြန်ရဖို့ကို ကျွန်တော်တို့က ပိုက်ဆံသွင်းခဲ့ရတဲ့အတွက် ဒါ အစားပြန်ပေးတယ်လို့
မခေါ်နိုင်သလို လျော်ကြေးသဘောလည်း ပြောလို့မရပါဘူး"ဟု ဦးစိန်သန်းက ပြောသည်။

















