ယခုနှစ် ကိုးလတာအတွင်း ရန်ကုန်တိုင်းဒေသ ကြီး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ယမန်နှစ်
အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄၄ မှု လျော့နည်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့
၏ စာရင်းများအရ သိရသည်။
"ဒီနှစ် ရန်ကုန်မှာ ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါး မှုက ကိုးလတာနှိုင်းယှဉ်ချက်များအရ အရင်နှစ်ထက်
စာရင် ၄၄ မှုလျော့သွားပြီ။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး အသိပညာပေးဟောပြောမှုတွေကို
ရန်ကုန်က စာသင်ကျောင်းတွေမှာလည်း လုပ်တယ်။ နောက်ပြီး လူစည်ကားတဲ့နေရာတွေမှာ၊
ခရိုင်လေးခရိုင်မှာရှိတဲ့ မြို့နယ်တွေမှာ လည်း ဆိုင်းဘုတ် စိုက်ထူပြီး အသိပညာပေးမှုတွေ စတင်
ဆောင်ရွက်နေပါပြီ"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မူယစ်ဆေးဝါး ဖမ်းဆီး
အရေးယူမှုပေါင်း ၂၅၆ မှုရှိခဲ့ပြီး ယခုနှစ် ကိုးလ အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုပေါင်း ၂၁၂ မှု
ရှိကြောင်း စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်
တားဆီးကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)အရ ဘိန်းဖြူကို
သုံးဂရမ်အောက်၊ ဆေးခြောက် ၂၅ ဂရမ်အောက်၊ စိတ်ကြွရူးသွပ် ဆေးပြား သုံးဂရမ်အောက်
အပြား ၃၀ ကို လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့် ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း
တို့ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်ပြီး အဆိုပါ
အလေးချိန်နှင့် အထက်ဖြစ်ပါက ထောင်ဒဏ် အကန့်အသတ် မရှိ ချမှတ်နိုင်ကြောင်း ဖော်ပြထား
သည်။
မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ရောင်း ချသူတစ်ဦးရှိပါက သုံးစွဲသူ လူငယ်များ များလာနိုင်ပြီး
မူးယစ်ဆေးစွဲရာမှ ဒုစရိုက်မှုများပါ ကျူးလွန်လာနိုင်ကြောင်း၊ သို့ပါ၍ မိမိပတ်ဝန်းကျင်၌ မူးယစ်
ဆေးဝါး ရောင်းချ၊ သုံးစွဲ၊ သို့လှောင်၊ သယ်ဆောင်ထားကြောင်း သိရှိပါက သက်ဆိုင်ရာသို့
အကြောင်းကြားရန်နှင့် ပြည်သူများ ပူးပေါင်းပါ၀င်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

















