ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ကျိုက္ကလော့ မေတ္တာဒီပါ မိသားစုမှ ဦးဆောင်ကျင်းပသော
နဝမအကြိမ်မြောက် 'အမေ့မေတ္တာ' စာမူပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယခုလ ၁ ရက်
ည ရ နာရီ တွင် ကျိုက္ကလော့ သာသနာ့ဒီပါဓမ္မရုံကြီး၌ ကျင်းပသည်။
၎င်းအခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ် သံဃနာယက ဆရာတော် ကြွရောက်ပြီး အဖွင့်အမှာစကား
မိန့်ကြားသည်။
ပြိုင်ပွဲ ဆုရသူများမှာ ၀တ္ထုတို ပထမဆု မကျေးဥ၊ ဒုတိယဆု ထန်းတပင် စန်းလွင်၊ တတိယဆု
ယုယုမော် (စစ်ကိုင်း)၊ ဒီလှိုင်းဝင်း (မန္တလေး) နှင့် အထူးဆုများအဖြစ် နန်းညိုမာလွင် (ကလော)၊
တောမြင့်မြေ (ကျွန်းလှယဉ်) တို့ကလည်းကောင်း၊ ဆောင်းပါးပထမဆု မင်းသွေးငယ် (ရာမညမြေ)၊
ဒုတိယဆု နုထက်ထက်လွင်၊ တတိယဆု ပန်းမြိုင်လယ် စိန်ဝင်း နှင့် အထူးဆုများအဖြစ် ကိုဇော်
(ရန်ကုန်)၊ မျိုးတင့် (ညောင်လေးပင်)၊ မောင်နှစ်သိမ့် (တောင်ကုတ်) တို့က လည်းကောင်း၊ ကဗျာ
ပထမဆု ကောင်းမြတ် (ခရာတော)၊ ဒုတိယဆု နုချော (ဥက္ကလာ)၊ တတိယဆု ချမ်းမြဆောင်း
(ကလော)၊ အထူးဆုများအဖြစ် ပန်းမြမွှေး၊ ဒေါင်းနွယ် (ပခုက္ကူ)၊ မင်းသက်ဝင်း (ကျောက်တံခါး)
တို့က ရရှိသည်။
၀တ္ထု၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲအတွက် ပထမဆု ကျပ်လေးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊
တတိယဆု ကျပ်နှစ်သိန်း နှင့် အထူးဆုများအတွက် ကျပ်တစ်သိန်း စီ ချီးမြှင့်ပေးအပ်ပြီး ၀တ္ထုဆု
ရွေးချယ်သူ ဆရာလယ်တွင်းသား စောချစ်၊ ဆောင်းပါးဆု ရွေးချယ်သူ ဆရာကောင်းသန့်၊
ကဗျာဆု ရွေးချယ်သူ ဆရာ မောင်သွေးသစ်တို့က ဆုရစာမူများနှင့် ပတ်သက်၍ အမှတ်တရ
စကားပြောကြားခဲ့သည်။
ပြိုင်ပွဲတာဝန်ခံ သီလရှင်ဆရာကြီး ဒေါ်ယုဇနဝတီက လာမည့် ၂၀၁၄ ခုနှစ် တွင် ကျင်းပမည့်
(၁၀) ကြိမ်မြောက် 'အမေ့ မေတ္တာ စာမူပြိုင်ပွဲ' ကို တစ်မူထူးခြားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း
မိန့်ကြားခဲ့သည်။
















