အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံ ကိန်းအား ရန်ကုန်မြို့၌ ၂၀၁၄ ဇန်နဝါရီလခန့်တွင်
စတင်နိုင်ရန် ရည်မှန်းထားကာ အဆိုပါ စီမံကိန်းမှ ၂၀၁၄-၁၅ ခုနှစ်အတွင်း လျှပ်စစ် စွမ်းအင်
တစ်နာရီလျှင် ၁၂ မဂ္ဂါ၀ပ် စတင်ထုတ် လုပ်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး
ဦးသန်းလွင်ဦးက လွန်ခဲ့သော သီတင်းပတ်အတွင်း ပြောသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံများမှ
အမှိုက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စီအင်န်ဂျီထုတ်ယူမည့်စီမံကိန်းအတွက်
ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော Chasson International နှင့် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော
Zeya and Associate and Hyundai Roten တို့အား တင်ဒါအောင်မြင်သော ကုမ္ပဏီများအဖြစ်
ရွေးချယ်ထားကြကြောင်း ၎င်းက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြောသည်။
လှိုင်သာယာမြို့နယ် ထိန်ပင်ရှိ အမှိုက်တန် ၈၀၀ ကို အသုံးပြု၍ မီသိန်းဓာတ်ငွေ့မှ စီအင်န်ဂျီဂက်စ်
ထုတ်ယူကာ ၎င်းဂက်စ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမည့် အစီအစဉ်ကို သုံးနှစ်စီမံကိန်းဖြင့်
ဆောင်ရွက်မည်ဖြစ်ပြီး မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်မှ အမှိုက်တန် ၆၀၀ ကို အသုံးပြုကာ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း အကောင်အထည်ဖော်မည့် ကာလအား နှစ်နှစ်ခန့်
ခန့်မှန်းထားကြောင်း ဦးသန်းလွင်ဦးက ပြောသည်။
"ထိန်ပင်စီမံကိန်းကနေ ပထမနှစ်မှာ လျှပ်စစ်ဓာတ်အား တစ်နာရီကို ၁၂ မဂ္ဂါ၀ပ် စထုတ်ပေးနိုင်မှာ
ဖြစ်ပြီး ဒုတိယနှစ်မှာ ၁၀ မဂ္ဂါ၀ပ်နဲ့ တတိယ နှစ်မှာ ရှစ်မဂ္ဂါ၀ပ်၊ စုစုပေါင်း တစ်နာရီ မဂ္ဂါ၀ပ် ၃၀
ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ထားဝယ်ချောင်စီမံကိန်းကတော့ နှစ်နှစ်ကာလပြီးဆုံးချိန်မှာ
တစ်နာရီကို ၁၅ ဒသမ ၄ မဂ္ဂါ၀ပ်ထုတ်လုပ်နိုင် မှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါရွေးချယ်ခံထားရသော ကုမ္ပဏီများ၏
လုပ်ငန်းဆောင်ရွက်ရန် သဘောတူ စာချုပ်ချုပ်ဆိုရန်၊ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို
ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ ပြန်လည်ဝယ်ယူဖြန့်ဖြူးမည့် ကိစ္စများအတွက်
လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန်
မျှော်လင့်ကြောင်း ဦးသန်းလွင်ဦးက ပြောသည်။
"ဒီနှစ်လအတွင်းမှာ သဘောတူစာချုပ် ချုပ်ဆိုမှုတွေပြီးသွားရင် စီမံကိန်းတွေကို ၂၀၁၄ ခုနှစ်၊
ဇန်နဝါရီလောက်မှာ စအကောင်အထည် ဖော်ပြီး အောက်တိုဘာ မတိုင်မီမှာ ထိန်ပင်ကနေ
၁၂ မဂ္ဂါ၀ပ် စထွက်နိုင်မယ်လို့ မှန်းထားပါတယ်။ ထွက်လာတဲ့ လျှပ်စစ်ကို ရန်ကုန်မြို့ လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့က တစ်ယူနစ်ကို ကျပ် ၁၅၀ နှုန်းနဲ့ ၀ယ်ယူဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့
အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီး သီးခြားစာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဘယ်ကို ဖြန့်ဖြူးမလဲ၊
ဘယ်လောက်နှုန်းနဲ့ ဖြန့် မလဲဆိုတာတွေကိုတော့ သဘောတူစာချုပ် ချုပ်ဆိုမှုတွေ အပြီးသတ်ပြီး
မှပဲ သိနိုင်ပါမယ်" ဟု ၎င်းကပြောသည်။
အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီနှင့် ကုမ္ပဏီများမှ Built-Operate-Transfer (BOT) စနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု
ဆိုသည်။
လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ်
၁၅ ရာခိုင်နှုန်း တိုးလျက်ရှိကာ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့၏ နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ
အများဆုံး မဂ္ဂါ၀ပ် ရ၂၀ ခန့် ရှိသည်။
















