မြေနီကုန်း ခုံးကျော် တံတား မသေချာ

မြေနီကုန်း ခုံးကျော် တံတား မသေချာ

ရန်ကုန်မြို့၊ ပြည်လမ်းအတိုင်း စမ်းချောင်း မြို့နယ် မြေနီကုန်းလမ်းဆုံ၌ ခုံးကျော်တံတား
တည်ဆောက်ရန် ဂျပန် အစိုးရတာဝန်ရှိသူအချို့နှင့် နှုတ်ဖြင့် ပြောဆိုထားရုံ အဆင့်သာရှိပြီး
ခုံးကျော်တံတားတည်ဆောက်ဖြစ်မည်၊ မဖြစ်မည် တိကျသေချာမှုမရှိသေး ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးက ပြောသည်။

"ခုံးကျော်တံတားတည်ဆောက်ဖို့က ဘာမှ မသေချာသေးပါဘူး။ ပြီးတော့ ဒါက ပြည်ထောင်စု
အစိုးရအဖွဲ့အနေ နဲ့မဟုတ်ဘဲ ပုဂ္ဂိုလ်ချင်းဆွေးနွေးမှု အပေါ် ကျွန်တော်တို့ဘက်က အစိုးရ အဖွဲ့ကို
တင်ပြပြီး ခွင့်ပြုချက်တောင်းခံလို့ အစိုးရအဖွဲ့က ခွင့်ပြုပေးထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒါကို
ကျွန်တော်တို့ဘက်က တရားဝင် ဆောက်လုပ်ခွင့်ပြုကြောင်း စာထုတ်ပြီး ဂျပန်အစိုးရတာဝန်ရှိသူ
တွေဆီကို ပို့ပေးရဦးမှာပါ။ သူတို့ဘက်က အကြောင်းပြန် ချက်ပေါ်မူတည်ပြီး ခုံးကျော်တံတား
တည်ဆောက်ဖြစ်မယ် မဖြစ်ဘူးသိရမှာပါ။ အခုက ဘာမှမဟုတ်သေးပါဘူး။ တိကျမှုလည်း
မရှိသေးပါဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

ဂျပန်အစိုးရတာဝန်ရှိသူများအဆို အရ မြေနီကုန်းလမ်းဆုံခုံးကျော်တံတားအား ပြည်လမ်း
မဟာမြိုင်ဆေးခန်းရှေ့မှ ရှင်စောပုမီးပွိုင့်ကျော်လွန် ပြီး တည်ဆောက်သွားရန် လျာထားခြင်း ဖြစ်ပြီး
လုပ်ငန်းစဉ်အားလုံးအတွက် ဂျပန်အစိုးရ တာဝန်ရှိသူဘက်မှ တံတားဒီဇိုင်းရေးဆွဲသည်မှ လုပ်ငန်း
ပြီးစီးသည်ထိ တာဝန်ယူသွားမည်ဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ငွေကြေးပိုင်းတစ်စုံ
တစ်ရာမှအစ ပါ၀င်သွားမည်မဟုတ်ကြောင်း၊ သို့သော် ကိစ္စရပ်အားလုံးသည် ပုဂ္ဂိုလ်ချင်း ပြောကြား
ထားရုံအဆင့်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတားတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ ၏ အထူးစီမံကိန်းလုပ်ငန်းအဖြစ် ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံသုံးစွဲရန် လျာထား
ကြောင်း၊ တံတားတည် ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ အထူးစီမံကိန်းလုပ်ငန်းအဖြစ်လုပ်ကိုင်သွားရန်ရှိကြောင်း၊ မြေနီကုန်း ခုံးကျော်တံတား
တည်ဆောက်မှုကို ဂျပန-မြန်မာ ချစ်ကြည်ရေးမှ တာဝန်ယူဆောက်လုပ်သွားရန်ရှိကြောင်း
နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်
အစည်းအဝေးမှတ်တမ်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး