ပြီးခဲ့တဲ့ တစ်နှစ်လောက်က ရန်ကုန်မြို့ရဲ့ အမှတ်တရအဖြစ်ရဆုံး ရှေးအမွေအနှစ် ဖြစ်တဲ့
အဆောက်အအုံတွေကို စနစ်တကျပြန်လည် ပြုပြင်အသုံးချဖို့ အစိုးရက တင်ဒါခေါ်ခဲ့တဲ့ စီမံချက်
တွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ နှေးကွေးနေတာကြောင့် စမလုပ်ဖြစ်သေးပါဘူး။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခင်နှစ် နိုဝင်ဘာလက ကုမ္ပဏီလေးခုကို ရွေးချယ်ပြီး နိုင်ငံပိုင်
ဖြစ်တဲ့ ၀န်ကြီးများရုံးဟောင်းအဆောက်အအုံ၊ ဗဟို တရားရုံးချုပ်အဆောက်အအုံ၊ အစိုးရ
ဧည့်ဂေဟာအဆောက်အအုံနဲ့ မြန်မာ့ မီးရထားဝန်ကြီးဌာနရဲ့ အဆောက်အအုံ စုစုပေါင်း
အဆောက်အအုံလေးခုကို ပြတိုက်တွေ၊ ဟိုတယ်တွေ၊ ရုံးခန်းနေရာနဲ့ ဆိုင်ကန္နားကြီးတွေအဖြစ်
တသီးတခြား ပြောင်းလဲပြုပြင်ဖို့ တင်ဒါ လေလံဆွဲစေခဲ့ပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ လှုပ်ရှားမှုတုံ့ဆိုင်းနေပြီး စီမံချက်တွေ ဘယ်တော့စလုပ်မယ်ဆိုတာလည်း
ပြောကြားခြင်းမရှိခဲ့ပါဘူးလို့ အဆောက်အအုံအသုံးပြုလိုသူ တွေက ပြောကြပါတယ်။
ဒါကြောင့် သန်းပေါင်းရာနဲ့ချီတဲ့ ဒေါ်လာငွေတွေ စားပွဲပေါ်တင် ကျန်လျက်၊ တင်ဒါစာရင်းဝင်
အဆောက်အအုံတချို့ လူထုနဲ့ ကင်းကွာတံခါးပိတ်လျက်ရှိနေပါတယ်။
မဟာဗန္ဓုလပန်းခြံလမ်းပေါ်က ကိုလိုနီခေတ် ဗိသုကာလက်ရာဖြစ်တဲ့ ဗဟိုတရားရုံးချုပ်
အဆောက်အအုံကြီးကို တင်ဒါအောင်သွားတဲ့ ထွန်းဖောင် ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းက
ဒီအဆောက်အအုံကို ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၂၅၀
အသုံးပြုမယ့် သူ့ စီမံကိန်းတွေကို ယခင်ငါးလကတည်းက တင်ပြထားခဲ့ပြီးဖြစ်ပေမယ့် မွမ်းမံ
ပြင်ဆင်မှုလုပ်ငန်းတွေ စတင်နိုင်ဖို့ ဘာမှပြန် မကြားခဲ့ရဘူးလို့ ဆိုပါတယ်။
"ဒီနေ့မှာ ကျွန်တော်တို့ နှောင့်နှေး ကြန့်ကြာမှုအမျိုးမျိုးနဲ့ တွေ့နေရပါပြီ။ ဒီအဆောက်အအုံကြီးကိစ္စ
ပြီးစီးသွားဖို့ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ကြာဦးမှာပါ" လို့ သူက ပြောပါတယ်။
ပြည်လမ်းပေါ်က အစိုးရရုံးဟောင်းကို အပန်းဖြေဟိုတယ်နဲ့ လူနေအဆောင်များအဖြစ် ပြန်လည်
တည်ဆောက်ဖို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလလယ်မှာ တင်ဒါအောင်ခဲ့တဲ့ Flying Tiger Engineering
ကုမ္ပဏီက သူတို့လည်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီက ပြန်ကြားစာကို စောင့်မျှော်နေပါတယ်
လို့ ပြောပါတယ်။
"ကျွန်တော့်ဘက်က နောက်ဆုံးစီမံ ကိန်းတွေကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ထားပါ
တယ်။ ပစ္စည်းအမျိုးမျိုးနဲ့ စက်ကိရိယာတွေ တင်သွင်းဖို့ ခွင့်ပြုမိန့်ကို ကျွန်တော်တို့ စောင့်နေရတာ
ပါ"လို့ ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းထိုက်မင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
သူက တည်ဆောက်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေဖို့အတွက် သူတို့ ကုမ္ပဏီက ရှိသမျှ
စွမ်းအားအကုန်ထုတ်သုံးထားပေမယ့် ဒီလိုခွင့်ပြုမိန့်ဘယ်တော့ ထွက်လာမယ်ဆိုတာ မသေချာ
မရေရာကြောင်းကိုလည်း ပြောပါတယ်။
ဒီစီမံချက်ကို စင်ကာပူအခြေစိုက် DP Architects ကုမ္ပဏီနဲ့ နာမည်မဖော်ပြသေးတဲ့ စင်ကာပူပြင်ပ
က ဟိုတယ် လုပ်ငန်းရှင်တစ်ဦးတို့ရဲ့ ဖက်စပ်လုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အစီအစဉ်အရဆိုရင် တင်ဒါအောင်ထားတဲ့ လုပ်ငန်းရှင်တွေဟာ
တည်ဆောက်မှု လုပ်ငန်း စတင်မဆောင်ရွက်မီ နောက်ဆုံးအပြီးသတ် ခွင့်ပြုချက်ရဖို့အတွက်
နည်းပညာဆိုင်ရာ ဒီဇိုင်းပုံအသေးစိတ် တွေကို တင်ပြကြရမှာဖြစ်ပါတယ်။ နောက်ဆုံးအပြီးသတ်
ခွင့်ပြုချက်ရရှိတဲ့ ကုမ္ပဏီတွေဟာ ပြန်လည်ပြုပြင်တည်ဆောက်ရမယ့် လုပ်ငန်းအတွက် အချိန်
နှစ်နှစ်ရရှိမှာ ဖြစ်ပါတယ်။ ဒီနှစ်နှစ်တာ ကာလဟာ ကြောင်းကျိုးမဆီလျော်လှဘူးလို့ ပညာရှင်
တချို့က ဆိုကြပါတယ်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်နိုင်ဦးက
ဒီစီမံချက်တွေမှာ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးတာနဲ့ လုပ်ငန်းတွေ
ဆောင်ရွက်ကြဖို့ ကော်မရှင်က လုပ်ကိုင်ခွင့်လိုင်စင်ချပေးပြီးဖြစ်တာကြောင့် အနည်းဆုံးစီမံချက်
လုပ်ငန်းတစ်ခုကိုတော့ ဒီနှစ်မကုန်မီ လုပ်ကိုင်ခွင့် အာဏာအပ်နှင်းနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်
ကြောင်း ပြောပါတယ်။
"ဒီအဆောက်အအုံတွေဟာ အနာဂတ်မှာ ခရီးသွားတွေ အဝင်အထွက် ရှိလာမယ့် နေရာတွေပါ။
ပြီးတော့ မြန်မာ့ သမိုင်းဝင် အတိတ်အခြေအနေတွေကို တစေ့တစောင်းပြသနိုင်တဲ့အပြင် ခရီးသွား
လုပ်ငန်းကဏ္ဍအတွက်လည်း ၀င်ငွေတိုးလာစေနိုင်မှာ ဖြစ်တယ်" လို့ ဦးအောင်နိုင်ဦးက
ပြောပါတယ်။
ဗဟိုတရားရုံးချုပ် အဆောက်အအုံနဲ့ အစိုးရရုံးအဆောက်အအုံ စီမံကိန်းတွေ တင်ပြပြီးချိန်မှာ
ကျန်စီမံကိန်းနှစ်ခုဟာလည်း လုပ်ငန်းစီမံချက်တွေကို အပြီးသတ်နိုင်ဖို့ ဆောင်ရွက်နေကြဆဲပါ။
ရန်ကုန်က မီးရထားရုံးချုပ်အဆောက် အအုံပြုပြင်အသုံးချခွင့်ရသွားတဲ့ Yoma Strategic
Holdings ကုမ္ပဏီအမှုဆောင် ဒါရိုက်တာ Cyrus Pun က အဆောက်အအုံကို ပူးပေါင်းအသုံးပြုဖို့
ကိစ္စနဲ့ ပတ်သက်လို့ ဒီကုမ္ပဏီနဲ့ Hong Kong Shanghai Hotels ကုမ္ပဏီတို့ စာချုပ်တစ်ခု
အပြီးသတ်ချုပ်ဆိုနိုင်တဲ့အထိ စီမံကိန်းကြီးစတင်ဖို့ စောင့်ဆိုင်းနေရဦးမယ်လို့ ဆိုပါတယ်။
၀န်ကြီးများရုံးဟောင်း အဆောက်အအုံကို ပြတိုက်၊ ပြခန်းအဖြစ် ပြုပြင် ဖွင့်လှစ်လုပ်ကိုင်ခွင့်ရထား
တဲ့ Anawmar Arts Group ကုမ္ပဏီကတော့ MIC ကို စီမံကိန်းလုပ်ငန်းတွေ မတင်ပြမီ
ကန်ထရိုက်လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို တိုင်းဒေသအာဏာပိုင်များနဲ့ အပြီးသတ် ညှိနှိုင်းဖို့
လိုအပ်နေဆဲ ဖြစ်ပါတယ်လို့ ကုမ္ပဏီဒါရိုက်တာ Le Yee Soe က အီးမေးလ်နဲ့ ပြောလာပါတယ်။
"ကျွန်မတို့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးက ဥပဒေရေးရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တဲ့
စာချုပ်မူကြမ်းတစ်ခုကို တင်ပြထားပါတယ်။
"ဒီစာချုပ်ကို ရန်ကုန်တိုင်းဒေသကြီးက မကြာမီမှာပဲ အပြီးသတ်စစ်ဆေးပေးမယ်လို့ ကျွန်မတို့
မျှော်လင့်နေပါတယ်။ ဒီတော့မှ ကျွန်မတို့ဘက်ကလည်း နောင်အခါ ဥပဒေအာဏာပိုင်တွေနဲ့အတူ
လက်မှတ်ထိုးသွားနိုင်ကြမှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
အောင်သာလင်း ဘာသာပြန်သည်။

















