ရန်ကုန်စက်မှုဇုန်များရှိ ရေဆိုးများ သန့်စင်စွန့်ပစ်ခြင်း မရှိသော စက်ရုံများအား နှစ်ဆန်းပိုင်းမှ စတင်အရေးယူမည်

ရန်ကုန်စက်မှုဇုန်များရှိ ရေဆိုးများ သန့်စင်စွန့်ပစ်ခြင်း မရှိသော စက်ရုံများအား နှစ်ဆန်းပိုင်းမှ စတင်အရေးယူမည်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ ရေဆိုးများအား သန့်စင်စွန့်ပစ်ခြင်းမရှိသော စက်ရုံများကို နောင်နှစ်ဆန်း
ပိုင်းတွင် စတင် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက လွန်ခဲ့သော
သီတင်းပတ်အတွင်းတွင် ပြောသည်။

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ စက်မှုဇုန်၂၄ ဇုန်တွင် စက်ရုံပေါင်း ၃,၂၆၄ ရုံရှိသည့်
အနက် ကွင်းဆင်းစစ်ဆေး အတည်ပြုချက်များအရ စက်ရုံ ရ၈ ရုံတွင် စည်ပင်သာယာဌာန မှ
သတ်မှတ်ထားသော စံချိန်စံညွှန်း မမီသည့် ရေဆိုးများထွက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရကာ
အဆိုပါစက်ရုံများအား ယခုနှစ် ဒီဇင်ဘာလအတွင်း လိုအပ်သော ရေဆိုးသန့်စင်မှုလုပ်ငန်းများ
အပြီးဆောင်ရွက်ရန်ညွှန်ကြားထားသည်ဟု ဆိုသည်။

"ရေဆိုးတွေကို သန့်စင်မှုမပြုဘဲ မြစ်ချောင်းထဲကို စွန့်ပစ်နေတဲ့ စက်ရုံပေါင်း ရ၈ ရုံရှိတယ်။ ဒီစက်ရုံ
တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ လိုအပ်တဲ့သန့်စင်မှုတွေ လုပ်ဖို့၊ မလုပ်ခဲ့ရင် အရေးယူမယ်လို့
အကြောင်းကြားခဲ့တယ်။ ဒီအကြောင်းကြားမှုအရ ၄၉ ရုံက သူတို့ အနေနဲ့ ဆောင်ရွက်နေပါပြီဆိုတဲ့
အကြောင်းပြန်ကြားမှုရတယ်။ ပထမအဆင့်အနေနဲ့ အကြောင်းမပြန်တဲ့၂၉ ရုံကို စစ်ဆေးတဲ့အခါ
မှာလည်း ဒီညွှန်ကြားချက်ကို လိုက်ပါဆောင်ရွက်နေတာကိုတွေ့ရတယ်။ ဒါကြောင့် ဌာနအနေနဲ့
စက်ရုံတွေကို အချိန်ထပ်ပေးပြီး ဒီဇင်ဘာလအတွင်း အပြီးဆောင်ရွက်ဖို့ ပြောထားပါတယ်။
ဒီနိုဝင်ဘာလထဲမှာ ရေဆိုးသန့်စင်မှုတွေ ဆောင်ရွက်နေ ပါပြီလို့ အကြောင်းပြန်ထားတဲ့ စက်ရုံတွေ
ကိုလည်း ကွင်းဆင်းစစ်ဆေးသွားပြီး သူတို့လည်း တကယ်လုပ်ဆောင်နေတယ်ဆိုရင် သူတို့
ကိုလည်း ဒီဇင်ဘာလ အထိ အချိန်ထပ်ပေးပါမယ်။ မလုပ်ဘူးဆိုရင်တော့ စက်ရုံယာယီပိတ်သိမ်း
အရေးယူသွားပါမယ်"ဟု ဦးသန်းလွင်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူခြင်းဖြင့် ပတ်ဝန်းကျင်
ညစ်ညမ်းမှုဖြစ်စေသော စက်ရုံများအား သုံးလခန့် ယာယီပိတ်သိမ်းနိုင်သည်ဟု ဦးသန်းလွင်ဦး
ကပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စက်မှုဇုန်များတွင် ရေဆိုးစွန့်ပစ်မှု စစ်ဆေးမှုများ
အား ကြိုတင်အကြောင်းကြား စစ်ဆေးမှုများ ရှိသကဲ့သို့ တိုင်ကြားမှုများကြောင့် ရှောင်တခင်
စစ်ဆေးမှုများလည်းရှိသည်ဟု ဆိုသည်။

ဌာန၏ သတ်မှတ်ချက်အရ စက်ရုံများအနေဖြင့် မိမိစက်ရုံမှစွန့်ပစ်သော ရေဆိုးများသည် ရေထုတွင်
အက်စစ်နှင့် အယ်လ်ကာလီ အချိုးသတ်မှတ်ချက်(PH) ၆ နှင့် ၉ အကြား၊ သက်ရှိများ ရှင်သန်ရန်
လိုအပ်သော အောက်ဆီဂျင်ပမာဏ ၂၀ မှ ၆၀ ပီပီအမ်အတွင်း ရှိရမည်ဖြစ်ကာ ဓာတုပစ္စည်းပါ၀င်မှု
ပမာဏ ၂၀၀ ပီပီအမ်၊ စွန့်ပစ်အနည်အနှစ် ၂,၀၀၀ ပီပီအမ်နှင့် အမှုန်အမွှား ပါ၀င်မှု ပမာဏ ၅၀၀
ပီပီအမ်ထက် လျော့နည်းသည့်အခြေအနေသို့ သန့်စင်စွန့်ပစ်ရန် လိုအပ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ
ရန်ကုန်စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်ရှိ စက်ရုံအားလုံး၏ ရေဆိုးသန့်စင်
စွန့်ပစ်မှု စစ်ဆေးမှုများအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ဆောင်ရွက်လျက်ရှိသည်ဟု
ဦးသန်းလွင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး