စည်းကမ်းမဲ့ရပ်သည့် ယာဉ်များကို ကရိန်းဆွဲယာဉ် ဖြင့်ဆွဲကာ ဒဏ်ကြေး ကျပ်ငါးသိန်းအထိ ချမှတ်မည်

စည်းကမ်းမဲ့ရပ်သည့် ယာဉ်များကို ကရိန်းဆွဲယာဉ် ဖြင့်ဆွဲကာ ဒဏ်ကြေး ကျပ်ငါးသိန်းအထိ ချမှတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ လမ်းပေါင်း ၃၇ လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုကို
ဖြေရှင်းပေးရန်အတွက် စည်းကမ်းမဲ့ရပ်နားထားသည့် ယာဉ်များကို ကရိန်းယာဉ်များဖြင့် ရှင်းလင်း
သွားမည်ဖြစ်၍ စည်းကမ်းမဲ့ ယာဉ်ရပ်နားသူများအနေဖြင့် စည်ပင်သာယာဥပဒေအရ အရေးယူခံ
ရမည် ဖြစ်ပြီး ဒဏ်ကြေးအပြင် ထောင်ဒဏ် အထိလည်း ချမှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

"ရန်ကုန်မြို့တော်မှာ ယာဉ်ကြောကျပ်တည်းမှုမဖြစ်ဖို့ ရည်ရွယ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့က နို၀င်ဘာလ ၈ ရက်နေ့ကနေ သတင်းစာမှာ ထုတ်ပြန်ကြေညာထားတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စည်းကမ်းမဲ့ရပ်နားတဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ဆွဲပြီးတော့
သက်ဆိုင်ရာ ယာဉ်ရပ်နားကွင်းတွေကိုဆီကို ဆွဲထည့်သွားမယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း
ထိန်းသိမ်းဖို့ အထောက်အကူဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ အခု ဒေသကြီးအစိုးရအဖွဲ့ကနေ
ယာဉ် မရပ်ရ လမ်းတွေထုတ်ပြန်တဲ့အခါမှာ တောင်မြောက် ၁၆ လမ်း၊ အရှေ့ အနောက် ၂၁ လမ်း
သတ်မှတ်ထားတယ်။ အဲဒီလမ်းတွေက ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်တဲ့နေရာဖြစ်တဲ့
အတွက်ကြောင့် အခုလိုစည်းကမ်းမဲ့ ရပ်နားတဲ့ယာဉ်တွေကို ဆွဲယာဉ်နဲ့ဆွဲပြီး အရေးယူသွားမှာပါ"
ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါ စည်းကမ်းမဲ့ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်
သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆွဲယာဉ်များကို ပြည်တွင်း ကုမ္ပဏီနှစ်ခု
ကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ သက်ဆိုင်ရာက စည်ကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို
အရေးယူဆောင်ရွက်ရာတွင် အသံချဲ့ စက်ဖြင့် ဖယ်ရှားပေးရန် သုံးကြိမ်နှိုးဆော်မည်ဖြစ်ပြီး
သုံးကြိမ်အတွင်း ယာဉ်ဖယ်ရှားမှု မရှိခဲ့ပါက ဆွဲယာဉ်ဖြင့် သယ်ယူ သတ်မှတ်ထားသည့်
ယာဉ်ရပ်နားကွင်းများသို့ ဆွဲယူသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်မြို့တွင်းတွင်လည်း
ယာဉ်ရပ်နားရန်နေရာများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်ပိုင်ရှင်များ
အနေဖြင့် မိမိတို့ယာဉ်အား ဆွဲယာဉ်ဖြင့် ဆွဲယူခံရပါက သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းများနှင့်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များထံတွင် မေးမြန်းစုံစမ်းကာ ချလန်ဖြတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မှာ ယာဉ်တွေချောမောစွာ သွားနိုင်ဖို့အတွက် နေ့စဉ် ယာဉ်ထိန်းအင်အား တပ်ဖွဲ့စု ၃၈ စုနဲ့
ဆောင်ရွက်နေတယ်။ အဲဒီလို ဆောင်ရွက်နေပေမယ့် စည်းကမ်းမဲ့ယာဉ်ရပ်နားသူတွေကြောင့်
လမ်းကြောပိတ်ဆို့တဲ့အတွက် နို၀င်ဘာလ ၈ ရက်နေ့က စပြီး ကရိန်းယာဉ်တွေနဲ့ယာဉ်ကို ဆွဲပြီး
အရေးယူခဲ့တယ်။ အဲဒီနေ့မှာပဲ စည်းကမ်းမဲ့ရပ်နားတဲ့ ယာဉ်ရှစ်စီး၊ နို၀င်ဘာ ၉ ရက်နေ့မှာ ကိုးစီး
အရေးယူထားပြီးပြီ။ ဖမ်းဆီးတဲ့ ယာဉ်တွေကို တည်ဆဲ ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေနဲ့
အရေးယူသွားမယ်။ ကားဆွဲယာဉ်ရောက်လာတယ်ဆိုရင်ပဲ ကားဆွဲယာဉ်နဲ့ ယာဉ်ရပ်နားကွင်း
အကွာဝေးပေါ်မူတည်ပြီးတော့ ကားဆွဲခ ငါးသောင်းကနေ ခုနစ်သောင်းအထိကို ယာဉ်ပိုင်ရှင်က
ပေးရမယ်။ အဲဒီအပြင် ယာဉ်ရပ်နားကွင်းမှာရပ်ထားတဲ့ ရပ်နားခကိုလည်း ပေးဆောင်ရမယ်။
စည်ပင်ဥပဒေပုဒ်မ ၆၈ အရ စည်းကမ်းမဲ့ရပ်နားတဲ့ယာဉ်ကို ဒဏ်ငွေ ကျပ် ၁၀,၀၀၀ ကနေ ငါးသိန်း
အထိပေးဆောင်စေပါမယ်။ အဲဒီလိုပေးဆောင်ဖို့အတွက်ကိုလည်း မြို့နယ်တွေမှာ စည်ပင်တရားရုံး
ခုနှစ်ရုံးကို ဖွင့်လှစ်ထားတယ်။ စည်ပင်တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ကားဆွဲယာဉ်ခနဲ့
ယာဉ်ရပ်နားခတွေကို အကုန်ပေးဆောင်ပြီးမှ ကားကိုထုတ်ယူခွင့်ပြုသွားမှာပါ"ဟု အမှတ်(၂)
ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စည်ပင်သာယာတရားရုံးများကို စမ်းချောင်းမြို့နယ် စည်ပင်သာယာတရားရုံးတွင် စမ်းချောင်း၊
အလုံ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ပုဇွန်တောင် မြို့နယ်စည်ပင်တရားရုံးတွင် ပုဇွန်တောင်၊ ဒေါပုံ၊
သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ မြောက်ဥက္ကလာပမြို့နယ်စည်ပင်တရားရုံးတွင်
မြောက်ဥက္ကလာ၊ တော်ဥက္ကလာ၊ လှိုင်မြို့နယ် စည်ပင်တရားရုံးတွင် လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊
အင်းစိန်မြို့နယ် စည်ပင်တရားရုံးမှာ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံတောင်မြို့နယ် စည်ပင်
တရားရုံးတွင် ဒဂုံမြောက်၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ ဒဂုံအရှေ့၊ လသာမြို့နယ် စည်ပင်တရားရုံးတွင်
ပန်းဘဲတန်း၊ လသာ၊ ဒဂုံ၊ ဆိပ်ကြီးခနောင်တို၊ လမ်းမတော်၊ ဆိပ်ကမ်း၊ ဒလမြို့နယ်တို့ ပါ၀င်ပြီး
ဖမ်းခံရသည့် မြို့နယ်အလိုက် ဒဏ်ကြေးပေးရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး