မှားယွင်းကုသခဲ့သည့် တရုတ်ဆေးခန်းကို အရေးယူမှု မပြုနိုင်

မှားယွင်းကုသခဲ့သည့် တရုတ်ဆေးခန်းကို အရေးယူမှု မပြုနိုင်

ကျန်းမာရေးဝန်ကြီးဌာနသို့ မှားယွင်းစွာ ဆေးကုသမှုဖြင့် တိုင်ကြားထားသည့် ရန်ကုန်မြို့
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တရုတ်ဆေးခန်း နှင့်ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်
ပေးခြင်း မရှိသေးကြောင်း တိုင်ကြားသူ ဦးချိုချိုက မြန်မာတိုင်း(မ်)ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင်
ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အသက် ၅၂ နှစ် အရွယ် ဒေါ်စန်းစန်းအေးသည် ယခုနှစ်
ဇူလိုင်လ ရ ရက်နေ့တွင် နေအိမ်၌ မတော်တဆခြေချော်မှုကြောင့် ခြေချောင်းများ ထိခိုက်ဒဏ်ရာ
ရရှိသွားပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ၄၉ လမ်းထိပ်ရှိ ဦးမျိုးအောင် တရုတ်၊ အရိုးအကြော
ဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ဒုတိယနေ့တွင် ဆေးခန်းက ဒဏ်ရာရနေသည့် ခြေထောက်အား
ဆေးအုံပြီး ပတ်တီးစည်းပေးရာ ခြေထောက်အနာ မသက်သာဘဲ ပိုမိုဆိုးဝါးလာပြီးနောက် ခြေဖမိုး
တစ်ခုလုံး ရောင်လာ၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ခဲ့ရပြီး လေးရက်အကြာတွင် ခြေချောင်း
နှစ်ချောင်း ဖြတ်တောက်လိုက်ရသည့် အခြေအနေထိ ဆိုးဝါးစွာ ရင်ဆိုင်ခဲ့ရသည်ဟု
ဒေါ်စန်းစန်းအေး၏ ခင်ပွန်းဖြစ်သူ ဦးချိုချို က ပြောသည်။

"အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က တရုတ်ဆေးခန်းဖွင့်ထားတဲ့
မင်္ဂလာတောင်ညွန့်မြို့နယ်က သံတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကို တိုင်ကြားပါတယ်။
တရုတ်ဆေးဆရာ ဦးမျိုးအောင်ဘက်က ဆွေးနွေးညှိနှိုင်းမှု လာလုပ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း
သူတို့ဘက်က ဘာမှ ညှိနှိုင်းမှု မလုပ်တော့တဲ့အတွက် ကျွန်တော်တို့ မြို့နယ်အဆင့်ထိဆက်တိုင်
ပါတယ်။ ဒါပေမဲ့ မြို့နယ်အဆင့်မှာ မြို့နယ်ကျန်းမာရေးမှူးဘက်ကနေ ဘာမှ စစ်ဆေးစုံစမ်းခြင်း
မရှိတော့တဲ့အပြင် အရေးယူဆောင်ရွက်ပေးခြင်းလည်းမရှိတဲ့အတွက် ကျွန်တော်တို့ ကျန်းမာရေး
၀န်ကြီးဌာနအထိ ဆက်လက်တိုင်ကြားခဲ့ပါတယ်"ဟု ပြောသည်။

သို့ရာတွင် ၀န်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စမျိုးကို အရေးယူဆောင်ရွက်ပေးနိုင်ခြင်း လုံးဝမရှိ
ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့် က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"အနောက်တိုင်းဆေးကုခန်းကနေ ဆေးကုသမှု အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်လာရင်
ဆေးကောင်စီဥပဒေအရ အရေးယူပေးနိုင်တယ်။ မြန်မာတိုင်းရင်းဆေးခန်းက ဖြစ်လာရင်လည်း
တိုင်းရင်းဆေးဥပဒေနဲ့ အရေးယူဆောင်ရွက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တရားမဝင်
ဆေးခန်းတွေဖြစ်တဲ့ တရုတ်တိုင်းရင်းဆေးကနေ ဖြစ်လာတဲ့ ဆေးကုသမှု အမှားအယွင်းမျိုးကို
ကျွန်တော်တို့ဘက်က ဥပဒေလည်းမရှိလို့ ဘယ်လိုမှ တာဝန်ယူဖြေရှင်းပေးလို့ မရဘူး"ဟု ၎င်းက
ပြောသည်။

"ဒီလို ဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ ဥပဒေ တစ်ရပ်လိုသလို အနောက်တိုင်း၊ မြန်မာ တိုင်းရင်းဆေး
မဟုတ်တဲ့ တတိယအမျိုးအစားဖြစ်တဲ့ အခုလိုမျိုး ဆေးပညာရပ်ကို ထိန်းသိမ်းဖို့ ကျန်းမာရေးဌာန
အနေနဲ့ တစ်နည်းနည်းနဲ့ ဆောင်ရွက်ပေးဖို့တော့ လိုတဲ့အပြင် လူတွေအနေနဲ့လည်း ဒီဆေးခန်းတွေ
မှာ ဆေးမကုသင့်ဘူး ဆိုတာသိဖို့ လိုတယ်"ဟု ၎င်းကဆိုသည်။

တရုတ်တိုင်းရင်းဆေးကြောင့်သာမက တိုင်းရင်းဆေးဖြင့် လွဲမှားစွာကုသမှုကြောင့် အရိုးအဆစ်
လွဲမှားပြီး ပုံမှန်အနေအထားသို့ ပြန်မရောက်ဘဲ အရိုးအဆစ်များ ဖြတ်တောက်သည့် အခြေအနေ
ထိ ဖြစ်ပွားသည့် လူနာများလည်း တွေ့ရှိရကြောင်း ရန်ကုန်ဆေးရုံကြီးမှ ထိခိုက်ဒဏ်ရာနှင့် အရိုး
အကြော၊ အဆစ် ခွဲစိတ် အထူးကု ဒေါက်တာမြတ်လွင်က ပြောသည်။

"အထူးသဖြင့် ဆီးချို၊ သွေးချိုရှိတဲ့ လူနာတွေဟာ တိုင်းရင်းဆေးနဲ့ ကုသရင်အခြေအနေပိုဆိုးဝါး
လာနိုင်တယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်ဆေးခန်း
များကို သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေးလျက်ရှိနေပြီး ကျန်းမာရေးဦးစီးဌာနတွင် မှတ်ပုံတင်
ထားခြင်းမရှိသော ဆေးခန်းများ၊ သက်တမ်းလွန်ဆေးခန်းများနှင့် ဆေးခန်းမှတ်ပုံတင်စဉ်က အမည်
စာရင်းပေးထားသော ဆရာဝန်နာမည်နှင့် မကိုက်ညီသော အနောက်တိုင်း ဆေးခန်းများနှင့်
တိုင်းရင်းဆေးခန်းများကို လိုက်လံစစ်ဆေး အရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေး
ဦးစီးမှူး ဒေါက်တာအေးကိုကိုက မြန်မာတိုင်း(မ်)ကို ပြီးခဲ့ သည့် ဩဂုတ်လက ပြောကြားခဲ့ဖူးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး