စီအင်န်ဂျီတပ်ဆင်ခွင့် ထပ်မံချထားပေးပါက ရန်ကုန်မြို့တွင်းမှတညင်းကုန်း၊ လှော်ကား ကွန်ပျူတာ
တက္ကသိုလ်သို့ ပြေးဆွဲပေးလျက်ရှိသော ၄၈ အထူး အဲကွန်းကားလေးစီးကို ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်
ရန် အစီအစဉ်ရှိပြီး အခြားသော ယာဉ်ပိုင်ရှင်များကလည်း လက်ရှိ ပြေးဆွဲလျက်ရှိသော အဲကွန်း
ကားများ၏ အခြေအနေကို စောင့်ကြည့်နေလျက်ရှိကြောင်း ၄၈ အထူးယာဉ်လိုင်းမှ အဲကွန်းကား
များဖြင့် ၀န်ဆောင်မှုပေးနေသော ပိုင်ရှင်ဖြစ်သူ ဦးတရုတ်လေးက ပြောသည်။
"အဲကွန်းကားတွေကို ထပ်မံတိုးချဲ့ ပြေးဆွဲဖို့ အစီအစဉ်ရှိပေမယ့် အခက်အခဲတွေရှိတယ်၊ အဓိက
အခက်အခဲက စီအင်န်ဂျီ ပြဿနာပါ၊ ထပ်မံတင်သွင်းတဲ့ ကားတွေကို ဒီဇယ်ကနေ စီအင်န်ဂျီ ကိုသာ
ပြောင်းလဲတပ်ဆင်ခွင့်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် နောက်
ထပ်မံ ပြေးဆွဲမယ့် ကားတွေက အဟောင်းတွေ ဆိုတော့ ပြုပြင်ပြေးဆွဲမယ်ဆိုရင် ကုန်ကျစရိတ်
အရမ်းများတယ်၊ တစ်စီးကို ပြုပြင်မယ်ဆိုရင် ၁၅ သိန်းနဲ့ ၂၅ သိန်းကြား ကုန်ကျတယ်၊
ကားအဟောင်း တွေဆိုတော့ ပစ္စည်းရှားတယ်၊ တချို့ ပစ္စည်းဆို ၀ယ်လို့မရဘူး၊ ထပ်မံချထားပေး
မယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ" ဟု ၎င်းက ပြောသည်။
"အဲကွန်းကား ငါးစီးနဲ့ စတင်ဆွဲတာ သုံးလကျော်လောက်ပဲ ရှိသေးတယ်၊ အရှုံးအမြတ်ကတော့
ခရီးသည်တွေရဲ့ အားပေးမှုအပေါ်မှာ မူတည်တယ်၊ နောက်ထပ်တိုးချဲ့ပြေးဆွဲချင်တဲ့ အခြားသော
ကားပိုင်ရှင်တွေလည်း ရှိတယ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး(မထသ)ကနေ
ကားခနှုန်းထား တွေကို တိုးမြှင့်ကောက်ခံခွင့်ပြုသွားမယ်ဆိုရင်လည်း ကားစီးရေကို ထပ်မံတိုးမြှင့်
သွားမှာပါ၊ ကားခဈေးနှုန်းကတော့ ခရီးသွားသူပြည်သူတွေကပဲ ရွေးချယ်ပြီး အဆင်ပြေတဲ့သူစီးမှာပဲ၊
လက်ရှိတော့ အဲကွန်းပြေးဆွဲယာဉ်တွေနဲ့ အခြားယာဉ်တွေရဲ့ တစ်လတာအတွင်း စက်ပိုင်းဆိုင်ရာ
ထိန်းသိမ်း ပြင်ဆင်စရိတ်တွေကို ချင့်ချိန်တွက်ဆနေပါတယ်။ ဒီတစ်ပတ်အတွင်းမှာပဲ နောက်
အဲကွန်းကားနှစ်စီးထပ်မံ ပြေးဆွဲသွားမှာပါ"ဟု ၎င်းက ပြောသည်။
"၄၈ အထူးအဲကွန်းကားတွေ အနည်းငယ် ပြေးဆွဲနေတာတော့ ကြားသိရပါတယ်၊ မထသကို တင်ပြ
ဆောင်ရွက်တာမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေသက်သာဖို့
အတွက် ၀န်ဆောင်မှုပေးတာမျိုးကိုတော့ ကြိုဆိုပါတယ်၊ စီအင်န်ဂျီမော်တော်ယာဉ်များ ထပ်မံ
ချထားမှုကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ရဲ့ ဆုံးဖြတ်ချက်
အပေါ်မှာ မူတည်ပါတယ်"ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေး(ဗဟို)မှ တာဝန်ရှိအရာရှိ
တစ်ဦးကပြောကြားသည်။
"အဲကွန်းကားတွေ ၀င်ရောက်ပြေး ဆွဲဖို့အတွက် စိတ်ဝင်စားပေမယ့်လည်း အခက်အခဲကရှိနေတယ်၊
ကားဟောင်းတွေကို ပြင်မယ်ဆိုရင်လည်း အကုန်အကျ အရမ်းများတယ်၊ ပြန်လည်ပြုပြင်ဖို့အတွက်
ပစ္စည်းရှားတယ်၊ ဈေးကြီးတယ်၊ အဲဒီတော့ ကားသစ်တွေ တင်သွင်းပြီး ဆွဲမယ်ဆိုရင်လည်း
စီအင်န်ဂျီ အခက်အခဲရှိတယ်၊ ဒီဇယ်နဲ့ ဆွဲမယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး၊ အဲဒီအခက်အခဲတွေကို
တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုရင်တော့ ကားပိုင်ရှင်တွေ အတွက်ရော ခရီးသွား
ပြည်သူတွေအတွက်ပါ ပိုအဆင်ပြေ သွားတာပေါ့"ဟု ၁၂၄ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးဌေးနိုင်က
ပြောသည်။
ဥက္ကံ-ဆူးလေ(သခင်မြပန်းခြံ)သို့ ပြေးဆွဲနေသော ၁၅၂ မော်တော်ယာဉ် လိုင်းတွင် အဲကွန်းကားများ
ဖြင့် ပြေးဆွဲ ၀န်ဆောင်မှုပေးနေသော 'ရန်မျိုးအောင်' မော်တော်ယာဉ်ပိုင်ရှင် ဦးအောင်လင်းက
"ခရီးသွားဝန်ဆောင်မှုကို မြှင့်တင်ချင်တာကြောင့် ကားတစ်စီးတည်း စတင်စမ်းသပ်ပြေးဆွဲနေတာ
နှစ်လကျော်လောက်တော့ရှိပြီ၊ နောက်ထပ် ကားအစီးအရေအတွက်ကို တိုးမြှင့် ပြေးဆွဲဖို့ရှိတယ်၊
ဒီအတွင်းမှာတော့ ဒီဇယ်နဲ့ဆိုတော့အမြတ်နည်းပြီး အရင်းရှုံးတဲ့ အခေါက်တွေလည်း ရှိတယ်၊
ကားကို ဒီဇယ်ကနေ စီအင်န်ဂျီ ပြောင်းလဲတပ်ဆင်ဖို့အတွက် လျှောက်လွှာတင်ဖို့တော့ ပြောတယ်၊
ဘယ်အချိန်ချထားပေးမယ်ဆိုတာတော့ မသိဘူး။ ဒီဇယ်အနေနဲ့ဆိုရင်တော့ ကားခနှုန်းထားတွေကို
မထသ အနေနဲ့ ညှိနှိုင်းတိုးမြှင့် ကောက်ခံခွင့်ပြုရင် ကောင်းတာပေါ့"ဟု ၎င်းက ပြောသည်။
ယခင်က အဲကွန်းကားများဖြင့် ပြေးဆွဲခဲ့သည့် ပါရမီယာဉ်လိုင်းကမူ အဲကွန်းကားများ ပြန်လည်
ပြေးဆွဲရန် အစီအစဉ်မရှိဟုပြောသည်။
"ယခင်ကတော့ အဓိပတိကားတွေ ကိုအဲကွန်းတွေနဲ့ ပြေးဆွဲခဲ့တယ်၊ အခု စီအင်န်ဂျီ ပြောင်းပြီးတဲ့
နောက်ပိုင်း စက်တွေထိုးရပ်လို့ အဲကွန်းတွေ မနိုင်ဘူးဆိုပြီး ဖြုတ်ထားရတယ်၊ အခုတော့
လတ်တလောတော့ အဲကွန်းကားတွေ ပြေးဆွဲဖို့ အစီအစဉ်မရှိသေးပါဘူး"ဟု ပါရမီယာဉ်လိုင်းမှ
မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။
















