ရန်ကုန်ဆိပ်ကမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပို့ဆောင်ရေး ၀န်ကြီးဌာန
တို့ပူးပေါင်း၍ လွန်ခဲ့သောနှစ်က ရေးဆွဲခဲ့သော Port Master Plan တွင်ပါ၀င်ခဲ့သည့် နန်းသီတာ
ဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလ မြစ်ကူးဆိပ်ခံတံတား အဆင့်မြှင့်တင်ရေး အစီ အစဉ်များကို
ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နို၀င်ဘာ ၂၅ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်း
အာဏာပိုင်တွင် ပြုလုပ်ခဲ့သော ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေ
ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။
"ကျွန်တော်တို့ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားတဲ့ အစီအစဉ် လေးခုထဲက
ပန်းဆိုးတန်းနယ်မြေ အဆင့်မြှင့်တင်ရေးထဲမှာပါတဲ့ နန်းသီတာဆိပ်ကမ်းနဲ့ ပန်းဆိုးတန်း-ဒလ
မြစ်ကူးဆိပ်ခံတံတား အဆင့်မြှင့်တင်ရေး နေရာမှာ တည်ဆောက်မယ့် အထပ်မြင့် အဆောက်အဦး
တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ YCDC ကို တင်ပြထားတာ အခု
YCDC အနေနဲ့က အဲ့ဒီဧရိယာမှာ အထပ်မြင့်အဆောက်အအုံ မဆောက်လုပ်သင့်ဘူးဆိုပြီး ပြန်လည်
တင်ပြလာပါတယ်" ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေ မန်နေဂျာဖြစ်သူ ဦးကျော်မြင့်က
ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ပန်းဆိုးတန်းဆိပ်ကမ်းဒေသ အဆင့်မြှင့်တင်ရေးအတွက်
အဆိုပါ ဧရိယာပေါ်တွင် အထပ် ၂၀ ရှိသောလူနေခန်းနှင့် ရုံးခန်းများပါ၀င်သည့် အဆောက်အအုံ၊
အထပ် ၁၆ ထပ်ရှိသော ဟိုတယ်၊ အထပ်လေးထပ်ရှိသော ရှော့ပင်းမောလ်နှင့် အထပ်သုံးထပ်
ရှိသော သင်္ဘောဆိပ်တို့ကို တည်ဆောက်ရန် စီမံကိန်းရေးဆွဲထားခြင်းဖြစ်သည်။
အဆိုပါနန်းသီတာဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလ မြစ်ကူးဆိပ်ခံတံတား အဆင့်မြှင့် ပြုပြင်
တည်ဆောက်ခြင်းနှင့် နောက်ခံဧရိယာပေါ်တွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ
တည်ဆောက်ခြင်းလုပ်ငန်းအတွက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် တင်ဒါခေါ်ယူခဲ့ပြီး New
Downtown Co.tld မှရရှိခဲ့ကာ ယခုအခါတွင် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူပြီးပါပြီ။ အဲ့ဒီမှာ ဧရိယာ ၁၀ ဧက
လောက်ရှိတာထဲက တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ၆ ဒသမ ၃ဧရိယာမှာ အထပ်မြင့် ဆောက်လို့မရ
တာလား၊ ကျန်တဲ့ ၄ ဒသမ ရ ဧရိယာမှာရော ဆောက်လို့ ရလားဆိုတာကို ကွဲကွဲပြားပြားသိရမယ်
ဆိုရင်တော့ ပိုကောင်းပါတယ်။ အဲဒါမှာ ကျွန်တော်တို့ကလည်း တင်ဒါ အောင်ထားတဲ့သူတွေနဲ့
ပြန်ညှိနှိုင်းတဲ့ အခါမှာ အဆင်ပြေမှာပါ"ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့ စည်ပင်နဲ့ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့
ပူးပေါင်းလုပ်ကိုင်တဲ့ Greater Yangon စီမံကိန်းမှာတော့ ပန်းဆိုးတန်း ကမ်းနားလမ်း ဒေသကို
စိမ်းလန်းမြေအဖြစ်နဲ့ထားပြီး အဆောက်အအုံတွေကိုတော့ နှစ်ထပ် ထက်ပိုပြီး မဆောက်ဖို့
ပြောထားပါတယ်။ ကျန်တဲ့ ဆိပ်ကမ်းဒေသတွေကိုတော့ အထပ်မြင့်အဆောက်အအုံဆောက်လုပ်ဖို့
ခွင့်ပြုထားတာတွေ့့ရပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အတွင်းရေးမှူး
ဖြစ်သူ ဦးကျော်စိုးက ပြောသည်။
"ကျွန်တော်တို့ ဗိုလ်တထောင်ဆိပ်ကမ်း ဒေသမှာ ရေပေါ်ဟိုတယ်ဇုန် လေးခု ပြုလုပ်ဖို့ စီစဉ်ထား
ပါတယ်။ ခုလောလောဆယ်တော့ ဟိုတယ်ဇုန်တစ်ခုကို လှလှပပကုမ္ပဏီကို ငှားထားပါတယ်။
နောက်ပြီး ပြည်တွင်းရေကြောင်း ကိုလည်း ဟိုတယ်ဇုန်တစ်ခု ချပေးထားပါတယ်။ ကျန်တဲ့နှစ်ခု
ကိုတော့ ကျွန်တော်တို့တွေ တင်ဒါခေါ်ယူသွားမှာပါ" ဟု ၎င်းက ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
















