မြန်မာနိုင်ငံတွင် မုဒိမ်းမှုသည် ဒုတိယဖြစ်ပွားမှု အများဆုံး ရာဇဝတ်မှုဖြစ်ပြီး တစ်ရက်လျှင်
အမျိုးသမီး နှစ်ဦးခန့် မုဒိမ်းမှု ကျုးလွန်ခံနေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များကို
ကိုးကားပြီး မုဒိမ်းမှု ခုခံကာကွယ်ရေး အသင်း၏ တာဝန်ခံ ဦးသာလွန်ဟိန်း က ရန်ကုန်မြို့ Young
Women's Christian Association ၌ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် မုဒိမ်းမှုကြိုတင်
ကာကွယ်နည်း နှီးနှောဖလှယ်ပွဲတွင် ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ရာဇဝတ်မှုများ
အနက် လူသတ်မှုမှာ အများဆုံးဖြစ်ကာ မုဒိမ်းမှုသည် ဒုတိယအဖြစ် အများဆုံး ရာဇဝတ်မှု
ဖြစ်သည်ဟု ၎င်းက ဆိုသည်။
၂၀၀၃ မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု စုစုပေါင်း ၄၀,၀၀၀ ကျော်ရှိ
ပြီး သက်ငယ်မုဒိမ်းမှုသည် ၁,၃၀၀ ကျော် ဖြစ်ခဲ့ပြီး ၁၃ နာရီတွင် အမျိုးသမီး တစ်ဦးခန့် မုဒိမ်း
ကျင့်ခံနေရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ထားကြောင်း ကိုသာလွန်ဟိန်းက
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှု အဖြစ်အများဆုံးဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း
ဒေသကြီးတွင် စုစုပေါင်း မုဒိမ်းမှု ၉၃ မှု ဖြစ်ခဲ့ကာ အသက် ၁၀ နှစ်အောက် ရ၉ မှု နှင့် အသက်
၄ နှစ်နှင့် ၅ နှစ်အကြား ခုနစ်မှု ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထား
သည်။
"များသောအားဖြင့် မြန်မာနိုင်ငံမှာ မုဒိမ်းမှု ကျုးလွန်တဲ့သူတွေကတော့ ရာဇဝတ်မှုကျုးလွန်ခဲ့ဖူးတဲ့
သူ၊ အရက်သေစာ သောက်သုံးတဲ့သူ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ဖြစ်တယ်ဆိုတာတွေ့ရှိရပါ
တယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် တွေ့မြင်ရသည့် မုဒိမ်းမှုများတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းထက် တစ်ဦးချင်းစီ
ကျုးလွန်မှုများဖြစ်ပြီး မုဒိမ်းမှုကျုးလွန်ရန် ကြိုတင်အကွက်ချ စီစဉ်လေ့ရှိကာ မုဒိမ်းမှုနှင့် လူသတ်မှု
များမှာ ချိတ်ဆက်မှုရှိကြောင်း ကိုသာလွန်ဟိန်းက ပြောသည်။
မုဒိမ်းမှု ကျူးလွန်မှုများကို ပိုမိုကြားမြင်လာရသည့်အတွက် အရွယ်ရောက်ခါစ မိမိ၏ သမီးငယ်လေး
အတွက် စိုးရိမ်မိကြောင်း မုဒိမ်းမှု ကြိုတင်ကာကွယ်နည်း နှီးနှောဖလှယ်ပွဲကို သမီးနှင့်အတူ
တက်ရောက်လာသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သော ဒေါ်စောကြည်က ပြောသည်။
"သမီးက အခုမှ ဆယ်တန်းအောင်ခါစ အသက် ၁၆ နှစ်ပဲ ရှိသေးတာ။ ကိုယ်ကအမြဲတမ်း
လိုက်စောင့်ကြည့်နိုင်တာ မဟုတ်ဘူးလေ။ တစ်ခါတလေ မလွှဲသာလို့ အပြင်လွှတ်လိုက်ရရင်
စိုးရိမ်နေရတယ်။ သူ့ကိုလည်း ဗဟုသုတ ရစေချင်လို့ အတူတူလာတက်ဖြစ်တာပါ" ဟု ၎င်းက
ပြောသည်။
မုဒိမ်းမှုကိုကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းမှုနှင့် ဆောင်ရွက်မှုများတွင်
အားနည်းချက်ရှိနေကြောင်းနှင့် အရွယ်ရောက် အမျိုးသမီးငယ်များအတွက် မုဒိမ်းမှုခုခံ
ကာကွယ်ရေးသင်တန်းများ၊ အသိပညာပေး လုပ်ငန်းများကို အစိုးရနှင့် ပြည်တွင်းအမျိုးသမီး
အဖွဲ့အစည်းများက ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုသာလွန်ဟိန်းက ပြောသည်။
















