ရန်ကုန်မြို့၏ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့နေလူထု၏ လူမှုဘဝပတ်ဝန်းကျင် မြင့်မားစေ
ရန်နှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားမှုရှိလာစေရန် မြို့ပြနေရာများအား ရေရှည်
တွင် ဟန်ချက်ညီညီထိန်းသိမ်းရန် လိုအပ်ခြင်းကြောင့် မြို့ပြမြေအသုံးချမှုဇုန် များသတ်မှတ်ရခြင်း
ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော မြို့ပြမြေအသုံးချမှု
ဇုန်သတ်မှတ်ရေးဆိုင်ရာ ရှင်းလင်းပွဲတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး
ဒေါ်လှိုင်မော်ဦးက ပြောသည်။
၎င်းအပြင် ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံများစွာအား ဇုန်သတ်မှတ်၍ တည်ဆောက်
ပါက ရန်ကုန်မြို့ကြီး၏ မြို့ပြလက္ခဏာများအား ထိန်းသိမ်းရာရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက
ပြောသည်။
"ရန်ကုန်မြို့ထဲမှာ အထပ်မြင့်အဆောက်အအုံတွေကို နေရာတိုင်းမှာဆောက်နေမယ်ဆိုရင် ရှေးနှစ်
ပေါင်းများစွာကတည်းက ရှိလာတဲ့ ယဉ်ကျေးမှုလက်ရာတွေ ပျောက်ကွယ်သွား နိုင်ပါတယ်။
အဲဒါကြောင့် အထပ်မြင့်အဆောက် အအုံတွေကို သတ်မှတ်ထားတဲ့နေရာမှာသာ ဆောက်လုပ်
ခွင့်ပြုမယ်ဆိုရင် နောက်ပိုင်းမှာ ရန်ကုန်မြို့တော်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု မှန်သမျှက အထပ်မြင့်
တွေကြားမှာ ပျောက်ကွယ်သွားမှာပါ" ဟု ၎င်းက ပြောသည်။
ဖွံ့ဖြိုးတိုးတက်လာသည့် ရန်ကုန်မြို့တော်ကြီး၏ မြို့ပြလိုအပ်ချက်များအရ အဆောက်အအုံများစွာ
တိုးချဲ့တည်ဆောက်မှုများ များပြားလာသည်နှင့်အမျှ မြို့ပြနေပြည်သူများအနေဖြင့် အခက်အခဲ
များစွာရှိနိုင်ပြီး ထိခိုက်မှုများလည်း ရှိလာနိုင်သည့်အတွက် အဆိုပါကိစ္စများ အားလျော့နည်းစေရန်
မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့က မြေအသုံးချမှုဇုန် သတ်မှတ်ရန် စီစဉ်ရေးဆွဲလျက်ရှိ
ကြောင်း စည်ပင်သာယာရေးကော်မတီ အကြံပေး ဒေါက်တာကျော်လတ်က ပြောသည်။
"ရန်ကုန်မြို့ဟာ ဖွံ့ဖြိုးလာတာနဲ့အမျှ ရန်ကုန်မြို့က မြေဈေးတွေ မြင့်တက်လာပြီး မြန်မာပြည်ရဲ့
စီးပွားရေးလိုအပ်ချက်အနေနဲ့ နေထိုင်သူတွေက ခေတ်မီအဆောက်အအုံတွေ၊ အထပ်မြင့်
အဆောက်အအုံတွေ ဆောက်ချင်လာကြပါတယ်။ အဲဒီလိုသာ အဆောက်အအုံအားလုံးကို
စည်ပင်သာယာအနေနဲ့ ဆောက်ခွင့်ပေးလိုက်မယ်ဆိုရင် ပြည်သူလူထုအတွက် အခက်အခဲတွေ
အများကြီးကြံုလာနိုင်ပါတယ်။ မြို့ပြအနေနဲ့ကလည်း ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ နောက်ပြီး
လူအများတန်ဖိုးထားတဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေလည်း ပျောက်သွားနိုင်ပါတယ်" ဟု
၎င်းက ပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအနေဖြင့် ပြီးခဲ့သည့်နှစ်မှစတင်၍ ရန်ကုန်မြို့တော်
ကြီးအား ထိန်းသိမ်းနိုင်ရန်အတွက် မြို့ မြေအသုံးချမှုဇုန် သတ်မှတ်ရေးနှင့် အဆောက်အအုံ
တည်ဆောက်ရေးဇုန် သတ်မှတ်ရေးတို့ကို ရေးဆွဲခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်မြို့တော်အတွင်း မြေ အသုံးချမှုဇုန်များ သတ်မှတ်ခြင်းကြောင့် မြို့ပြအတွင်းရှိ
လုပ်ငန်းများဖြစ်သည့် စက်ရုံ အလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ စသည့် လုပ်ငန်းရပ်များ
တစ်ခုနှင့်တစ်ခု ထိခိုက်မှု နည်းပါးစေပြီး ယာဉ်ကြောပိတ်ဆို့မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ရာ
ရန်ကုန်မြို့တော်အတွင်း ရှိ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းရာရောက်မည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ ဇုန်များသတ်မှတ်ခြင်းဖြင့် မြို့နေထိုင်သူများမှာ လေကောင်းလေသန့်များ ရရှိနိုင်
မည်ဖြစ်ပြီး မြို့တွင်းအခြေခံအဆောက် အအုံများဖြစ်သည့် ရေပေးဝေမှုများမှအစ စနစ်တကျ
ထိန်းချုပ်လာနိုင်မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ပြောသည်။
"ဒီလိုမျိုး မြေအသုံးချမှုဧရိယာ မသတ်မှတ်ဘဲနဲ့ အဆောက်အအုံတွေများများဆောက်မယ် ဆိုရင်
မြို့ထဲမှာ ကြမ်းခင်းဧရိယာတွေ မြင့်လာမယ်။ ကြမ်းခင်းဧရိယာမြင့်လာတာနဲ့အမျှ လူဦးရေ ထူထပ်မှု
များလာမယ်။ နောက်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း မြင့်တက်လာမှာပါ။ ဥပမာ - ရွှေတောင်ကြား
လိုနေရာမှာ ကြမ်းခင်းဧရိယာကနည်းတဲ့အတွက် ယာဉ်ကြောသွားနိုင်မှုက တစ်နာရီကို ငါးမိုင်
လောက်သွားနိုင်တယ်။ မြို့လယ်မှာဆိုရင် တစ်နာရီ သုံးမိုင်လောက်ပဲ သွားနိုင်တယ်" ဟု ၎င်းက
ပြောသည်။
"အဆောက်အအုံဟောင်းတွေကို ဖျက်ပြီး ပြန်ဆောက်တာ ကောင်းပေမယ့် ပြန်ပြင်ဆောက်ချိန်မှာ
ကွာခြားတဲ့အထပ်အမြင့်တွေ၊ သုံးတဲ့ပစ္စည်းတွေ၊ အရည်အသွေးတွေကြောင့် မြို့ပျက်စီးမှုတွေ
ပိုဖြစ်စေတယ်"ဟု ရန်ကုန် မြို့ အမွေအနှစ်ထိန်းသိမ်းရေး (Yangon Heritage Trust) မှ
ဒုဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်က ပြောသည်။
အဆောက်အအုံအမြင့်များကို ကန့်သတ်မည် ဆိုသော်လည်း မြို့ပြင်ဧရိယာများတွင် အဆောက်
အအုံအချိုးများ လျှော့ချပြီး အထပ်မြင့်တည်ဆောက်ပါက ခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ
ဒုတိယညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
"အလုံမြို့နယ်မှာ ၁၂ ထပ်ထိပဲ ဆောက်ဖို့ ကန့်သတ်ထားတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ ဆောက်မယ့်
အဆောက်အအုံအချိုးကို လျှော့ပြီး အခန်းတိုးအောင် ၁၈ ထပ်ထိ ဆောက်မယ်ဆို ခွင့်ပြုပေးနိုင်
တယ်။ မြို့တွင်းဧရိယာနဲ့ ဆိတ်ငြိမ် ရပ်ကွက်တွေမှာ အဲဒီလိုအချိုးကို လျှော့ပြီး အခန်းတိုးအောင်
ဆောက်မယ်ဆို ခွင့်မပြုဘူး"ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ရန်ကုန်မြို့တော်အတွင်း မြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်ရေးဇုန်
သတ်မှတ်ရေးအတွက် သတ်မှတ်မှုများ အပေါ် ပြည်သူများက လက်ခံနိုင်ရန် ကြိုးစားရမည်ဟု
နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ ၀င် ဒေါက်တာ
အောင်ထွန်းသက်က ပြောသည်။
"အခုလက်ရှိ မြန်မာနိုင်ငံရဲ့ မြို့ပြအခြေအနေက လူဦးရေနှစ်သိန်းအထက်ရှိတဲ့ မြို့ကြီးတွေက
၁၃ ရာခိုင်နှုန်းပဲ ရှိတယ်။ ၂၀၃၀ မှာ ၂၅ ရာခိုင်နှုန်းထိ တိုးလာမယ်လို့ ပညာရှင်တွေက သုံးသပ်ကြ
တယ်။ ဒါကြောင့် မြို့ပြထိန်းသိမ်းရေးတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ ပြည်သူလူထုတွေအနေနဲ့
ကလည်း ဒါတွေကို သေချာနားလည် ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေက သဘောပေါက်အောင်
ကြိုးစားဖို့ လိုပါတယ်။ ပညာရှင်ချင်း နားလည်နေရုံနဲ့ မပြီးပါဘူး" ဟု ၎င်းက ပြောသည်။
မြို့မြေအသုံးချမှုဇုန်များ ခွဲခြားသတ်မှတ် ခြင်းအတွက် ဆိတ်ငြိမ်ရပ်ကွက် သို့မဟုတ် လူနေ
သိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေ
ရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေ ရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှုမျိုးစုံ ရောနှော
ပါ၀င်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်း နှင့်
ဆိပ်ကမ်းဆက်စပ်ဝန်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ အဖွဲ့ အစည်းနှင့်
အခြေခံအဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန်
အစရှိသဖြင့် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်မည်ဖြစ်သည်။
















