ဗိုလ်ချုပ်အောင်ဆန်းလမ်း ယာဉ်တိုက်မှု ကျောင်းသူတစ်ဦး ထပ်မံသေဆုံး

ဗိုလ်ချုပ်အောင်ဆန်းလမ်း ယာဉ်တိုက်မှု ကျောင်းသူတစ်ဦး ထပ်မံသေဆုံး

ဗိုလ်အောင်ကျော်လမ်းဆုံအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ကျောင်းကြို
ပြန်လာသော မိခင်တစ်ဦးနှင့် ကျောင်းသားသုံးဦးတို့ကို အီဆူးဇူးအငှား မော်တော်ယာဉ်တစ်စီးက
၀င်တိုက်မှုကြောင့် ကျောင်းသူ၏ မိခင်တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် ယခုတစ်ဖန်
ဆေးရုံသို့ တင်ပို့ထားသော သေဆုံးသူ၏ သမီး ဖြစ်သူ မနှင်းဧပရယ်သန့်သည် တနင်္လာနေ့
ည ၉ နာရီခွဲခန့်က ထပ်မံသေဆုံးသွားခဲ့သည်။

မနှင်းဧပရယ်သန့်သည် ယာဉ်တိုက်မှုကြောင့် ဆေးရုံသို့ရောက်ရှိခဲ့ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ
ရရှိမှုကြောင့် သွေးများအန်ကာ ယာဉ်တိုက်ခံရသည့် သောကြာနေ့ ညနေပိုင်း အချိန်မှ သေဆုံး
သည့် တနင်္လာနေ့ညပိုင်းအထိ သတိပြန်လည်ရရှိခြင်း မရှိဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
ဖခင်ဖြစ်သူ ဦးမျိုးသန့်က ပြောသည်။

"ညနေ ၆နာရီ မထိုးခင် ဆေးရုံရောက်ပြီး အရေးပေါ်ဌာနမှာတင် ဓာတ်မှန်ရိုက်တာတွေနဲ့
တွန်းလှည်းပေါ်မှာ သုံးနာရီကျော်လောက် နေလိုက်ရတယ်။ သမီးက အဲဒီတွန်းလှည်းပေါ်မှာတင်
သွေးတွေ နှစ်ခါလောက် အန်တယ်။ အဲဒီနောက် သတိက နှစ်ခါ လောက်ပဲရတယ်။ ပထမတစ်ခါ
သတိရ လာတော့ သူ့အမေကိုမေးတယ်။ အမေ ရှိတယ်၊ သူလည်း ဒဏ်ရာရနေလို့ ဆေးကုသမှု
ခံယူရနေတယ်လို့ ပြောထားရတယ်။ ခဏလောက်နေပြီး ပြန်သတိလစ်သွားတယ်။ နောက်တစ်ခါ
ပြန်သတိရလာတော့ ရေတွေတိုက်တယ်။ ပြီးတော့ သမီးကျောင်းတက်ရဖို့အတွက် အားတင်းထား
လို့ပြောတော့ ပါးစပ်က လှုပ်လှုပ်လာလို့ အနားကပ် နားထောင်ကြည့်တယ်။ ဘာတွေပြောနေလဲ
ဆိုတော့ သူတို့ကျောင်းတက်ရင် ဆိုနေတဲ့ နိုင်ငံတော်သီချင်းကို ဆိုနေတယ်။ အမေနဲ့သမီး
နှစ်ယောက်စလုံး ဆုံးရှုံးရတာကတော့ ကံအကြောင်းတရားကြောင့်လို့ပဲ ပြောရတော့မှာပဲ"ဟု
၎င်းက ပြောသည်။

အဆိုပါနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း
အတိုင်း အနောက်မှ အရှေ့သို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ယာဉ်မောင်း ဦးဇော်သန်း(၂၈ နှစ်)
မောင်းနှင်လာသည့် အီးဇူးဘောက်စ် အငှားယာဉ်သည် မြန်မာမီးရထားဝင်း ရှေ့အရောက်တွင်
လမ်းဘေးလက်ဝဲစပ်ရှိ လမ်းညွှန်ဆိုင်းဘုတ်ကို ၀င်ရောက် တိုက်မိခဲ့ပြီး လမ်းစပ်တွင် ကျောင်းကြို၍
လမ်းလျှောက်ပြန်လာသည့် ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက် မီးရထားဝင်းနေ ဒေါ်နီနီဝင်း
(၄၅ နှစ်) ကို ၀င်ရောက်တိုက်မိခဲ့ရာ အဆိုပါအမျိုးသမီးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွား
ခဲ့သည်။

ထိုပြင် ၎င်းနှင့်အတူ ကျူရှင်မှ ပြန်လာသော စတုတ္ထတန်းကျောင်းသူ ကျောင်းသားများဖြစ်သော
မနှင်းဧပရယ်သန့်(၁၀ နှစ်)၊ မစုမြတ်သီ(၉ နှစ်)နှင့် မောင်နေလင်း (၁၀ နှစ်)တို့ကိုလည်း ၀င်တိုက်မိ
ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရ
ခြင်းဖြစ်သည်။

"အခု ကားတိုက်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီကားဆိုတော့ သူတို့ဘက်က မန်နေဂျာလို့ဆိုတဲ့သူတော့
လာရောက် တွေ့ဆုံပြီး တောင်းပန်မှုတွေတော့ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်က
လူတစ်ဖက်သားကို အရမ်းလျစ်လျူရှုရာ ရောက်လွန်းတယ်၊ သောကြာနေ့ ညနေပိုင်းက ဖြစ်ခဲ့တဲ့
ကိစ္စကို တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ကျွန်တော့်ဇနီး သင်္ဂြိုဟ်ပြီး ညနေပိုင်း အချိန်ရောက်မှလာပြီး
တောင်းပန်တယ်။ သူတို့ရဲ့ သူဋ္ဌေးနိုင်ငံခြားသွားနေလို့မို့ အလုပ်မအားလို့ပါတဲ့။ လောလောဆယ်
တော့ ဆေးကုမှုအတွက်ဆိုပြီး ငွေကျပ်နှစ်သိန်း ထောက်ပံ့ပေးထားတယ်။ နောက်ထပ် ထပ်ပြီး
ကူညီဦးမယ် လို့ ပြောတယ်။ ဘာပဲပြောပြော စိတ်ဒုက္ခရောက်နေတဲ့ သူကို အားပေးစကား ပြောပြီး
ကူညီသင့်တာပေါ့ဗျာ"ဟု ဦးမျိုးသန့်က ဆိုသည်။

"ကားတိုက်မှုဖြစ်သွားတာဆိုတော့ အလုပ်ကိစ္စတော့ နည်းနည်းရှုပ်သွားတယ်။ တခြားရုံးလုပ်ငန်း
တွေကလည်းရှိတော့ ချက်ချင်းမဖြစ်လိုက်ဘူး။ သူတို့ကို တောင်းပန်မှုတွေ ပြုလုပ်ထားပါတယ်။
အခုဖြစ်တဲ့ကိစ္စကလည်း တမင်ရည်ရွယ်ပြီး ၀င်တိုက်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့
လည်း သူတို့အတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးသွားမှာပါ။ ကျွန်တော်တို့ ဖုန်းနံပါတ်
တွေ ပေးထားပါတယ်။ သူဌေးက ခရီးသွားနေတော့ သူကိုတော့ အကြောင်းကြားထားပါတယ်။
သူကတော့ အဆင်ပြေအောင် လုပ်ပေးထားဖို့ ပြောပါတယ်။ ပြီးတော့ ကားမောင်းတဲ့သူက
ကျွန်တော်တို့ရဲ့ ၀န်ထမ်းပါ။ သူက တစ်ယောက်တည်းသမားဆိုတော့ သူ့ဘက်ကို ကြည့်ရပါသေး
တယ်" ဟု အဆိုပါယာဉ်ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းမှ မန်နေဂျာ ဦးခင်မောင်လေးက
ပြောသည်။

ကလေး သုံးဦးစလုံး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိသည့် ကလေးနှစ်ဦးအနက်
မစုမြတ်သီမှာ ဦးနှောက်နှင့် အာရုံကြောဌာနသို့ ပို့ဆောင်ထားရှိခဲ့ရာ ပြန်လည်သတိရရှိလာခဲ့ပြီး
ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိသဖြင့် တနင်္ဂနွေနေ့ တွင် ဆေးရုံမှ ဆင်းလာခဲ့သည်။

သို့သော် အဆိုပါကျောင်းသူမှာ ကြာရှည်ထိုင်မရသဖြင့် ၎င်းခန္ဓာကိုယ်တွင် ရရှိသော ဒဏ်ရာများ
အတွက် ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးအထူးကုဆေးရုံတွင် အင်္ဂါနေ့က ဓာတ်မှန်ရိုက်ခဲ့ရာ ဆီးခုံ
အက်သွားကြောင်း စစ်ဆေးချက်အရ သိရှိရသည်ဟု ၎င်း၏ ဖခင်ဖြစ်သူ ဦးအေးကိုက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကျောင်းသား မောင်နေလင်း
သည်လည်း ယာဉ်တိုက်မှုတွင် ကားနှင့် ချိတ်ပါသွားခဲ့မှုကြောင့် ခြေထောက်နှင့် လက်မောင်းများ
တွင် အသားကွဲအက်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာများကို ပြန်ချုပ်ထားရပြီး ဦးခေါင်းနှင့် နဖူး
တို့တွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိထားသလို နားတစ်ဖက် အကြားအာရုံ အနည်းငယ်ထိခိုက်သွား
ကြောင်း၊ ထို့အတွက် နား၊ နှားခေါင်း၊ လည်ချောင်းဆေးရုံတွင် ထပ်မံပြသ ရမည်ဖြစ်ကြောင်း၊
အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း မောင်နေလင်း၏ မိခင် ဒေါ်ဖြူဖြူစိုးက ပြောသည်။

"ဗိုလ်ချုပ်လမ်းပေါ်မှာ တိုက်သွားတဲ့ကားက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ကားဆိုတာ မှန်ပါတယ်။
သူတို့ရဲ့လုပ်ငန်းခွင် ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်လို့ မပြောတော့ပါဘူး။ ပြစ်မှုကျူးလွန်ထားတဲ့
ယာဉ်မောင်းကိုတော့ ရမန်ယူပြီး ဥပဒေအရ အရေးယူ နိုင်ဖို့အတွက် ထိန်းသိမ်းထားပါတယ်" ဟု
ယာဉ်အမှုစစ် ရဲအုပ်မျိုးဆွေဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး