ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းသွားစေရန်အတွက် ယာဉ်ကြောများကို အလိုအလျောက်
ရှင်းပေးနိုင်သော ထောက်လှမ်းရေးကင်မရာ တပ်ဆင်အသုံးပြုခြင်းကို မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်
လမ်းဆုံတွင် ဒီဇင်ဘာလ ၈ ရက်နေ့မှ စ၍ အသုံးပြုနေပြီဖြစ်သည်။
အဆိုပါ စနစ်ကို ကျင့်သုံးရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ
(JICA) မှ လွန်ခဲ့သော ခြောက်လကျော်ခန့်က စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး ခုံးကျော်
တံတားမဆောက်ဘဲ ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကနဦး စီမံကိန်းအဖြစ်
စတင်ခဲ့ခြင်း ဖြစ်သည်။
"ယာဉ်သွားလာမှုနှုန်း မြန်လာတာကို တွေ့ရတယ်။ စနစ်ကတော့ ယာဉ်စီးသွားလာမှုကို sensor နဲ့
ကြည့်ပြီးတော့ ယာဉ်စီး ရေပိုများတဲ့ လမ်းကြောကို ဦးစားပေး လွှတ်တဲ့စနစ်ပါ။ အဲဒီစနစ်မှာ
Auto ရော Manual ရောသုံးလို့ရတယ်။ ယာဉ်ထိန်း လေးဦး မရမ်းကုန်းမီးပွိုင့်မှာ ထိုင်ပြီးတော့
ကွပ်ကဲကြပ်မတ်နေတယ်။ အရင်က ရှစ်မိုင်လမ်းဆုံကို ခုံးကျော်တံတားဆောက်မယ့် အစီအစဉ်
ကနေ စစ်တမ်းကောက်ယူမှုအရ တံတားဆောက်စရာမလိုဘဲနဲ့ မီးပွိုင့်မှာပဲ ရှင်းတဲ့စနစ်နဲ့
ဆောင်ရွက်တဲ့အခါ အဆင်ပြေတာ တွေ့ရတယ်" ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့
မီးရထား (အောက်မြန်မာပြည်) မှ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
ကင်မရာကို ယာဉ်ထိန်းအချက်ပြမီး တိုင်များတွင် တပ်ဆင်ထားပြီး အဆိုပါ ကင်မရာ၏ အာရုံခံ
ကိရိယာမှ မီတာ ၃၀ အတွင်းဝင်လာသော ယာဉ်များကို ဖမ်းယူ နိုင်ပြီး ယာဉ်ပိုများသော
ယာဉ်ကြောကို ဦးစားပေးလွှတ်ပေးမည်ဖြစ်သည်။
"ကားနည်းနေသေးတဲ့ ယာဉ်ကြောမှာဆိုရင် မီးပွိုင့်ကဆက်ပြီးနီနေမယ်။ ယာဉ်များတဲ့လမ်းကြောင်း
ကိုလွှတ်ပေးတယ်။ အချိန်ဘယ်လောက်အတွင်း လုပ်ပေးတယ်ဆိုတာကတော့ ပြောဖို့ ခက်ခဲပါ
တယ်။ ကားသွားတဲ့ပေါ်မူတည်ပြီး လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Control Centre ပါရှိ
လာရင်တော့ ပိုပြီးအဆင်ပြေမှာပါ" ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲအုပ်မိုးသီဟကျော်
က ပြောကြားသည်။
















