မိကျောင်းကန်ပြည်သူများ၏ နစ်နာချက်ကို မြေယာကော်မရှင်က အချိန်သတ်မှတ်ချက် တစ်ခုဖြင့်
စုံစမ်းစစ်ဆေးပေးမည်ဟု သေချာသော ကတိကဝတ်တစ်ခုပြုမည်ဆိုလျှင် သပိတ်စခန်း ရုပ်သိမ်း
မည်ဟု သပိတ်ခေါင်းဆောင်များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်ရှိ ယခင်နေထိုင်ခဲ့ဖူးသော မြေများ
ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေသည်မှာ ၁၆ ရက် ကြာမြင့်ပြီဖြစ်ပြီး
အဆိုပါရက်ပိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စစ်တပ်တို့နှင့်
သပိတ်ကိုယ်စားလှယ်များ အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းနေကြသော်လည်း အစိုးရဘက်မှ
ရေရာသော အဖြေတစ်ခု မပေးနိုင်သေးပေ။
"နောက်ဆုံးအနေနဲ့ လွှတ်တော်က မြေယာကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် လက်မှတ်နဲ့
မိကျောင်းကန် ပြည်သူတွေရဲ့ နစ်နာချက်တွေကို စုံစမ်းစစ်ဆေးပေးပါမယ်ဆိုပြီး စာထုတ်ဖို့၊
နောက်ပြီး ဘယ်လောက်အချိန်အတွင်း စုံစမ်းပေးမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်ပါ၀င်ဖို့ကို
တောင်းဆို ထားပါတယ်"ဟု သပိတ်စခန်း ခေါင်းဆောင် တစ်ဦးဖြစ်သည့် မနေနွယ်သန်းက
ယခုလ ၁၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒါ ကျွန်မတို့ဘက်က အများကြီးလျှော့ချ လိုက်တာပါ" ဟု ၎င်းကဆိုသည်။
ပြီးခဲ့သောရက်များအတွင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ နယ်စပ်ဒေသနှင့် လုံခြံုရေးဝန်ကြီး
ဦးတင်ဝင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က ပြောထားသည်များကို နောက်ပိုင်းလုပ်ရပ်များ၊ မကိုက်ညီ
သည်များရှိသောကြောင့် အာဏာပိုင်များပေးမည့် မည်သည့်နှုတ် ကတိကိုမျှ မယုံတော့ဟု ၎င်းက
ပြောသည်။
"ပထမ သပိတ်စခန်းတုန်းကလည်း ဆောင်ရွက်ပေးမယ်ဆိုလို့ သပိတ်စခန်းသိမ်းလိုက်တယ်။
လနဲ့ချီပေမယ့် ဘာတွေဆောင်ရွက်ပေးနေမှန်းလည်း မသိရဘူး။ အခုတစ်ခေါက်တော့ စာရွက်
စာတမ်းနဲ့သေချာ ကတိပေးမှ၊ ဘယ်အချိန်အတောအတွင်းဆိုတာကိုပါ သေချာပြောမှ ရုပ်သိမ်းပါ
မယ်။ သပိတ်စခန်းအခြေအနေက အခုချိန်ထိတော့ အေးအေးဆေးဆေးပါပဲ" ဟု မနေနွယ်သန်းက
ပြောသည်။
ဒီဇင်ဘာလ ရ ရက်နေ့က အငြင်းပွားမြေနေရာအား တပ်မှ ခြံစည်းရိုးခတ်ပိတ်ဆို့ရာမှ ဆန္ဒ
ထုတ်ဖော်သူများနှင့် တပ်စည်ပင်ဟု ဆိုသူများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အမျိုးသမီးကိုးဦး ဆေးရုံသို့
ပို့ဆောင်ခဲ့ရသည်။
အခြေအနေမှာ တင်းမာနေခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သပိတ်စခန်းအား ဒီဇင်ဘာလ ၉ ရက်နေ့
ညနေ ၆ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် ကြေညာချက်ထုတ်ခဲ့သည်။
သပိတ်စခန်းမှာ ဖယ်ရှားခြင်းမရှိခဲ့ဘဲ တပ်မှ သပိတ်စခန်းနောက်ဘက် ခြံစည်းရိုးအတွင်းတွင်
အစောင့်များ ချထားခဲ့သော်လည်း မည်သည့်ဖြစ်ရပ်မှ ဖြစ်ပွားခဲ့ခြင်းမရှိပေ။
သို့သော် သပိတ်စခန်းအား အင်အားသုံး ဖြိုခွင်းမည်ဟု သတင်းများထွက်ပေါ်နေသည့် အတွက်
လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးလှုပ်ရှားသူများက အာဏာပိုင်များအား အကြမ်းဖက်ခြင်း
မပြုရန် မေတ္တာရပ်ခံထားသည်။
မိကျောင်းကန် ဆန္ဒထုတ်ဖော်မှုအတွက် နို၀င်ဘာလအတွင်းက ခေါင်းဆောင်နှစ်ဦး ပုဒ်မ ၁၈ ဖြင့်
ထောင်သုံးလ ကျခံနေရပြီး ရ ရက်နေ့က ပဋိပက္ခအတွက် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူ ၂၈ ဦး
အား ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားသည်။

















