ကျောင်းသားလေးဦး ပျောက်ဆုံးပြီးနောက် နေပြည်တော်၌ ပြန်လည်တွေ့ရှိ

ကျောင်းသားလေးဦး ပျောက်ဆုံးပြီးနောက် နေပြည်တော်၌ ပြန်လည်တွေ့ရှိ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ကျောင်းတက်သွားရင်း ပျောက်ဆုံး
သွားသော သတ္တမတန်း ကျောင်းသား လေးဦးကို နေပြည်တော် ဘူတာကြီးတွင် ၂၈ နာရီအတွင်း
ပြန်လည်တွေ့ရှိခဲ့ကြောင်း အိမ်နီးချင်းတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောသည်။

မရမ်းကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)က မောင်တင်ကိုကို၊
မောင်သုတဆွေ၊ မောင်မင်းကိုကို၊ မောင်ငြိမ်းချမ်းသော်တို့သည် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းတည့်
၁၂ နာရီတွင် နေအိမ်မှ ထွက်သွားပြီးနောက် တစ်နာရီခန့်အကြာတွင် အတန်းပိုင်ဆရာမက
ကျောင်းသို့ ရောက်ရှိလာခြင်းမရှိသဖြင့် မိဘများထံ အကြောင်းကြားလာမှ ပျောက်ဆုံးနေကြောင်း
သိရှိခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိနေ
ကြောင်း ဖုန်းအဆက်အသွယ်ရရှိပြီး ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်းသားများသည် နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့တောင်အာရှ
အားကစားပွဲတော်သို့ ၎င်းတို့ စုထားသော မုန့်ဖိုးပိုက်ဆံဖြင့် ကားစီးသွားပြီး လမ်းစရိတ်ကုန်၊
ငွေပြတ်ကာ မပြန်တတ်သဖြင့် အများပြည်သူသုံး တယ်လီဖုန်းမှ တစ်ဆင့် ဖုန်းဆက်လာသဖြင့်
ပြန်လည်ရှာဖွေတွေ့ရှိရခြင်း ဖြစ်သည်။

ဖုန်းဆိုင်မှ ဦးချက်ကြီးဆိုသူက ဖုန်းဆက်နေသော ကလေး လေးယောက်ကို မေးမြန်း၍ မိမိတို့ထံ
ဖုန်းဆက်ကာ ကလေးများအတွက် မစိုးရိမ်ရန်ပြောကြားပြီး ၎င်းတို့ကို ထိန်းသိမ်းပေးထားမည်ဟု
ပြောကြားလာပြီးနောက် ဦးဝင်းနိုင်ကိုယ်တိုင် ကားဖြင့် ချက်ချင်းလိုက်သွားခဲ့ကြပြီး ဒီဇင်ဘာလ
၁၁ ရက်နေ့ နံနက် ၆ နာရီတွင် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း မိခင်တစ်ဦး ဖြစ်သူ
ဒေါ်လှလှမြင့်က ပြောသည်။

ထိုကျောင်းသား လေးယောက် ပျောက်ဆုံးမှုကို မရမ်းကုန်း မြို့နယ်ရဲစခန်းတွင် လူပျောက်မှုဖြင့်
အမှုဖွင့်တိုင်ကြားထားပြီး ယခုအခါ ပြန်လည်တွေ့ရှိသွားပြီဖြစ်ကြောင်း မရမ်းကုန်း ရဲစခန်းမှ
တာဝန်ကျ ရဲအရာရှိက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး