ဒီမိုကရေစီစနစ်ဖြင့် ရွှေပြည်တော်သစ်ဆီသို့ ချီလေရာဝယ် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း
ဆက်သွယ်ရေးသည် အဓိက ကျသောကဏ္ဍမှ ပါ၀င်လျက်ရှိရာ အာဏာပိုင်များအနေဖြင့် တစ်ဌာန
နှင့် တစ်ဌာန ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြပါမှ တန်ကာကျပေလိမ့်မည်။
နိုင်ငံတကာစီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတိုးတက်ရေးသည် မော်တော် ကားများ ထုတ်လုပ်
ရောင်းချမှု အပေါ် ရာခိုင်နှုန်းအတော်များများ တည်ရှိပါသည်။
ကားကုမ္ပဏီများက ကားများကို တစ်နှစ်ထက်တစ်နှစ် အစီးရေတိုး၍ ထုတ်လုပ်ကြရန် ကြိုးပမ်းကြ
သကဲ့သို့ ကမ္ဘာ့နိုင်ငံများရှိ အစိုးရများကလည်း ထိုတိုးတက်ထုတ်လုပ်သော ကားအစီး ရေများလေ
ထိုကားများပေါ်မှ အခွန် အကောက်များများ ရကြသဖြင့် ကားစီးရေများလာခြင်းကို လိုလိုလားလား
ရှိကြပါသည်။
သို့သော် ကားစီးရေများလာလေ လမ်းများပိတ်ဆို့ကျပ်တည်းမှု များလာလေဖြစ်သဖြင့် သွားရာ
လာရာတွင် ခရီးမတွင်ဘဲ အချိန်ကုန်၊ ဓာတ်ဆီကုန်၊ ငွေကုန် ပြဿနာများတိုး၍ ရင်ဆိုင်လာကြရ
ပါသည်။
ကမ္ဘာ့နိုင်ငံမြို့တော်ကြီး တော်တော် များများတွင် လမ်းများပေါ်၌ ကားများ ပိတ်ဆို့ကျပ်တည်းမှု
ပြဿနာများတွေ့ ကြံုနေကြရပါသည်။
ဤနေရာတွင် စာရေးသူအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံ
အကြောင်း နမူနာတင်ပြရင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကားနှင့် လမ်းပန်းဆက်သွယ်
သယ်ယူပို့ဆောင်ရေးကို ဆွေးနွေးတင်ပြလိုပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေသည်ကို ဦးမော့လာစေရန်
ရည်ရွယ်ချက်ဖြင့် ဆီစားသက်သာပြီး ကုန်ကျစရိတ် သက်သာသော ကားများ ထုတ်လုပ် ဖြန့်ဖြူး
ရောင်းချရေးကို အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုက အားပေးဆောင်ရွက်ရန်
ကြိုးပမ်းနေပါသည်။
အင်ဒိုနီးရှားသမ္မတ၏ ကြိုးပမ်းချက်ကို ဂျကာတာမြို့တော်ဝန်က သဘောမတူဘဲ ပြင်းထန်စွာ
ဆန့်ကျင် လျက်ရှိပါသည်။
ဂျကာတာမြို့တော်ဝန်မှာ လာမည့် အင်ဒိုနီးရှားရွေးကောက်ပွဲတွင် သမ္မတအရွေးခံရန် ကြိုးပမ်းနေသူ
ဖြစ်ပြီး အလားအလာကောင်းနေသူ တစ်ယောက်ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ်များက
ရှုမြင်သုံးသပ်ကြပါသည်။
ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒိုက လမ်းများပေါ်သို့ နောက်ထပ်ကားစီး ရေတိုးတက်လာခြင်းကို
လုံးဝမလိုလားဘဲ ဂျကာတာမြို့တော်တွင် ကားလမ်းများ ပိတ်ဆို့ကျပ်တည်းမှုကို ဖြေရှင်းရန်
ကြိုးပမ်းနေသူ ဖြစ်ပါသည်။
အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုကမူ နှေးကွေးနေသော စီးပွားရေးတိုးတက်မှု
ဦးမော့လာစေရန် ရည်ရွယ်ချက်ဖြင့် အကုန်အကျသက်သာသော ကားများ ထုတ်လုပ်မှုကို
အားပေးသူဖြစ်ရာ နိုင်ငံရေး ဟဲဗီးဝိတ်ကြီး နှစ်ဦးကြား ၀ါဒသဘော တရားယှဉ်ပြိုင်မှုတွင် မည်သို့
အဖြေ ထွက်လာမည်ကို ကျွန်တော်တို့စောင့် ကြည့်ကြရမည် ဖြစ်ပါသည်။
ဂျကာတာမြို့တော်ဝန်က ကားစီးရေ ယခုထက် တိုးတက်လာပါက ဂျကာတာ မြို့တော်ကြီးတွင်
ကားဖြင့် သွားလာမှု လုံးဝရပ်တန့်သွားမည်ဟု တင်ပြပါသည်။
ယခုလက်ရှိကားအရေအတွက် ဖြင့်ပင် ဂျကာတာမြို့ထဲ၌ တစ်နာရီ မောင်းပါမှ အမြန်ဆုံး ငါးမိုင်
နှစ်ဖာလုံ ခန့်သာ ခရီးပေါက်သဖြင့် နယူးယော့ခ် နှင့် လန်ဒန်မြို့ကြီးများထက် ကားသွားလာမှု
နှေးကွေးနေသည်ဟု ဆိုပါသည်။
ထိုသို့ နှေးကွေးလာခြင်းကြောင့် လုပ်ငန်းများ မတွင်ကျယ်ဘဲ စီးပွားရေးပိုင်းတွင် ၂ ဒသမ ၈ ဘီလျံ
ဒေါ်လာခန့် နစ်နာနေသည်ဟု ဂျကာတာမြို့တော်ဝန်က တင်ပြပါသည်။
ကားသွားလာ ရေးနှေးကွေးခြင်းကြောင့် ကုန်ထုတ်လုပ်အား ကျဆင်းသဖြင့် နောက်ထပ် ဒေါ်လာ
သန်းပေါင်း ၉၇၀ လည်း နစ်နာသည်ဟု ပြောပါသည်။
ကမ္ဘာ့နိုင်ငံကြီးတိုင်း၏ မြို့တော်ကြီးများတွင် ကားများပိတ်ဆို့ကျပ်တည်းမှု ဖြစ်နေခြင်းကို
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းဖြေရှင်းလျက်ရှိကြရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း
ရန်ကုန်မြို့တော်ကြီးတွင် ခုံးကျော်တံတားကြီးများ တည်ဆောက်၍ ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်ကို
မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ကြပါသည်။
ထိုသို့ တံတားကြီးများ တည်ဆောက်ခြင်းကြောင့် ထိုတံတားကြီးများ တည်ဆောက်သော နေရာ
များတွင် ကားများ အထိုက်အလျောက်ရှင်း သွားသော်လည်း အခြားနေရာများတွင် ကားများ
တိုးကျပ်ပိတ်ဆို့လာပြန်ပါသည်။
ကားပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရာတွင် အချို့မြို့တော်ကြီးများ၌ လမ်းများ နှစ်ထပ်ဆောက်ခြင်း၊
မြေအောက်၊ မြေညီ နှင့် အထပ်မြင့်လမ်းများ တည်ဆောက်ပြီး ဖြေရှင်းနေကြသည်ကိုလည်း
တွေ့ရ ပါသည်။
အချို့မြို့တော်ကြီးများတွင် "ကားကျပ်တည်းမှုဇုန်"(Congestion Zone) နယ်မြေများ သတ်မှတ်ပြီး
ထိုဇုန် ထဲသို့ ၀င်ရောက်လာပါက ကျပ်တည်းမှု ဇုန်ဝင်ကြေးများ ပေးဆောင်ကြရပါသည်။
ဤသို့ ဟန့်တားလိုက်ခြင်းဖြင့် ထိုဇုန်နယ်မြေများထဲသို့ ကားဝင်ရောက်မှု နည်းပါးသွားစေပါသည်။
ကားများမောင်းနှင်ရင်း စက်ပျက်ခြင်း၊ အောက်ပိုင်းပျက်ခြင်း၊ ဘီးပေါက်ခြင်းကြောင့် လမ်းများပေါ်
တွင် ရပ်တန့်ပိတ်ဆို့နေခြင်းများကို လျော့နည်းသွားစေရန် စက်အောက်ပိုင်းနှင့် ကားတာယာများ
အဆင့်မီမမီ စစ်ဆေးပြီး လက်မှတ်ပြနိုင်သူများကိုသာ ကားလိုင်စင်သစ် ထုတ်ပေးသောစနစ်
ကိုလည်း ချမှတ် ဆောင်ရွက်ကြသည်ကို တွေ့ရပါသည်။ ထိုစနစ်ကို ယူကေ၌ MOT လက်မှတ်ဟု
ခေါ်ပါသည်။
အဆောက်အအုံသစ်များ ဆောက်လုပ်ရာတွင် ကားရပ်နားရန် နေရာများ အလုံအလောက်ပါ၀င်ပါမှ
ဆောက် လုပ်ခွင့်ချပေးသော ၀ါဒကျင့်သုံးကြပြီး လိုအပ်သော နေရာများတွင် အထပ်များစွာရှိသော
ကားရပ်နားရန် နေရာများ စနစ်တကျဆောက်လုပ်ထားခြင်း၊ ကားရပ်နားခြင်းနှင့် ပတ်သက်၍
ဥပဒေ စည်းကမ်းအတိုင်း တိကျစွာ လိုက်နာစေရေး၊ ခရီးသည်တင်ဘတ်စ်ကားများ အနေဖြင့်
သတ်မှတ်ထားသော ကားမှတ်တိုင်တွင် ခရီးသည်တင်ပြီးပါက တောက်လျှောက် ဆက်လက်
ထွက်ခွာရေး၊ နောက်ထပ်လာမည်ဖြစ်သော ခရီးသည်များကို စောင့်၍ မှတ်တိုင်၌ ကြာမြင့်စွာ
ရပ်တန့်နေခြင်းများကို ပြင်းထန်ထိရောက်စွာ အရေးယူရေး စသည်တို့ကို လေ့လာချမှတ်
ဆောင်ရွက်ပါလျှင် ကားပိတ်ဆို့မှု ပြဿနာ သက်သာပြေလည်လာနိုင်စရာ ရှိပါသည်။
အထက်ပါ ဆောင်ရွက်ချက်များနှင့် အတူ ကုန်ထုတ်လုပ်မှုဇုန်နယ်မြေများ၊ စက်မှုဇုန်နယ်မြေများ
သတ်မှတ်ရေးတွင်လည်း စဉ်းစဉ်းစားစားဖြင့် အစိုးရ ဌာနများ ညှိနှိုင်းသုံးသပ်ဆောင်ရွက်ကြရန်
များစွာလိုအပ်ပါသည်။
ထိုအထက်ပါ မူဝါဒများကို စဉ်းစားသုံး သပ်ချမှတ်ပြီးနောက် ကားအစီးရေ ကန့်သတ်မှု ပြုလုပ်ရန်
လိုအပ် မလိုအပ်ကိုလည်း အာဏာပိုင်များအနေဖြင့် အထူး စုံစမ်းလေ့လာကြရမည် ဖြစ်ပါသည်။
ယခုမြင်တွေ့နေရသော ရန်ကုန်မြို့ ကြီးနှင့် ကားပိတ်ဆို့ကျပ်တည်းမှု ပြဿနာကို ကျွန်တော်
လေ့လာကြည့်ရာ ခုံးကျော်တံတားကြီးများ ဆောက်ခြင်းလောက်ဖြင့် မဖြေရှင်းနိုင်သည်ကို
တွေ့ရပါသည်။
သမင်မွေးရင်း ကျားစားရင်းဆိုသော စကားပုံကဲ့သို့ ဖြစ်နေပါသည်။
တံတားကြီးတွေ ဆောက်လိုက်၊ ကားအစီးရေတွေ တိုးလာလိုက်ဖြင့် လုံးချာပတ်ချာလိုက်နေပါက
နိုင်ငံစီးပွားရေးအထိ ထိခိုက်လာနိုင်ပါသဖြင့် သက်ဆိုင်ရာ အာဏာပိုင်ဌာန အသီးသီးတို့
အရေးတကြီး ညှိနှိုင်းသုံးသပ်၍ ခိုင်မာသော စည်းကမ်းဝါဒနှင့် ဥပဒေများချမှတ် ကျင့်သုံးကြပါရန်
အချိန်တန်ပြီဖြစ်ကြောင်း စေတနာကောင်းဖြင့် ကြေညာမောင်း ခတ်လိုက်ရပါကြောင်းပါ ခင်ဗျ။

















