ရန်ကုန် မြို့ပတ်ရထားလမ်းတစ်လျှောက် ရှင်းလင်းနေ

ရန်ကုန် မြို့ပတ်ရထားလမ်းတစ်လျှောက် ရှင်းလင်းနေ

ရန်ကုန်မြို့တွင်း ရထားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများကို အထူး ကြပ်မတ်ရှင်းလင်း
နေကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ မှာ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းဘူတာ
အနီးမှာရှိတဲ့ ကျူးကျော်နေထိုင်သူတွေကို တိုင်းအရာရှိတွေနဲ့အတူ ၀န်ထမ်းအင်အား ၅၀ နဲ့
မီးရထားရဲတပ်ဖွဲ့တို့က သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
ရဲတပ်ဖွဲ့ တွေနဲ့ပူးပေါင်းပြီးတော့ မီးရထားလမ်းတစ်လျှောက် ကျူးကျော်တွေကိုရှင်း လင်းခဲ့တယ်။
တဲအကြီး တစ်လုံး၊ တဲလေး နှစ်လုံးကို ဖျက်ခဲ့တယ်။ နောက်ထပ် ကျူးကျော်တွေကိုလည်း ခေါ်ယူ
သတိပေးပြီးတော့ ရှင်းသွားမယ်"ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ မီးရထား၊
အောက်မြန်မာပြည်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

အဆိုပါ ကျူးကျော်နေထိုင်မှုများမှာ တမင်ရည်ရွယ်ကာ နေထိုင်မှုမျိုးအဖြစ် တွေ့ရှိရသောကြောင့်
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ထိုကဲ့သို့ မဖြစ်စေရန် အကြောင်းကြားထားပြီး
ကျူးကျော်မှုများကို တွေ့ရှိပါကလည်း ထပ်မံရှင်းလင်းသွားမည် ဖြစ်ကြောင်းသိရသည်။

"ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကအစ ရောင်းစားနေတဲ့ ပုံစံမျိုးတွေ ကြားရတယ်။ ရောင်းတဲ့သူ
ကလည်း ရောင်းတယ်။ ၀ယ်တဲ့သူကလည်း ၀ယ်တယ်။ တချို့ဆို အိမ်တွေအခိုင်အမာဆောက်ထား
တယ်။ အစောင့်ထားတယ်။ ၀ယ်တဲ့သူရှိမှ ရောင်းတယ်။ တမင်တကာကို ရည်ရွယ်ချက်နဲ့
ကျူးကျော်လာတဲ့သူတွေကို ရှင်းလင်းတာဖြစ်ပါတယ်"ဟု ဦးထွန်းအောင်သင်းက ပြောသည်။

ထို့ပြင် မီးရထားပိုင်မြေများ ငှားရမ်းထားမှုများကိုလည်း ပြန်လည်စိစစ်ကာ ပွင့်လင်းမြင်သာသော
တင်ဒါခေါ်ယူမှု စနစ်ဖြင့် မြန်မာ့မီးရထား ၀င်ငွေရရှိရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

"အရင်က မီးရထားပိုင်မြေတွေကို ငှားတယ်။ အချိန်ကာလအားဖြင့် ၁၅ နှစ်လောက် အသုံးပြုပြီးရင်
ပြန်လွှဲပေးရမယ့် စနစ်နဲ့ ဆောင်ရွက်ထားတဲ့အတွက် ပြည့်ရင် ပြန်အပ်ရမယ်။ ဒါပေမဲ့ အချိန်ပြည့်တဲ့
အခါ ပြန်မအပ်တဲ့အပြင် သူများကို တစ်ဆင့် ပြန်ရောင်းစားတာမျိုးလည်း ရှိတယ်။ ဒါကြောင့်
နောက်ပိုင်းမှာ မြန်မာ့မီးရထားပိုင်မြေပေါ်မှာ ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး
ပွင့်လင်းမြင်သာတဲ့ တင်ဒါခေါ်ယူမှုမျိုး လုပ်သွားမယ်"ဟု ၎င်းက ပြောသည်။

မီးရထားမြေ ငှားရမ်းရာတွင် ယခင်က ဘီအိုတီစနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ဆိုင်ခန်းများကို ပြန်အပ်မှုများ
ရှိခဲ့သော်လည်း အချို့မှာ ရောင်းထားပြီး ဖြစ်သောကြောင့် အဆိုပါ ကိစ္စများကို ရှင်းလင်းနေပြီး
ငှားရမ်းထားသော အချို့အခန်းများကို ခေတ်နှင့်အညီ ဈေး နှုန်းတိုးမြှင့်ပြီး ကောက်ခံခြင်းများလည်း
ရှိသည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး