နာဂိုယာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးပြုပြင်မှု ဆွေးနွေး

နာဂိုယာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးပြုပြင်မှု ဆွေးနွေး

မြန်မာနိုင်ငံတွင် ရေးဆွဲလျက်ရှိသော အမျိုးသားပညာရေး မူဝါဒနှင့် အမျိုးသားပညာရေး ဥပဒေနှင့်
ပတ်သက်၍ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ဂျပန်နိုင်ငံရှိ နာဂိုယာတက္ကသိုလ်တို့ ပူးပေါင်းကာ
"ပညာရေးမူဝါဒနှင့် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ" ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ အမျိုးသားပညာရေး ဥပဒေ၏ ကောင်းကျိုး ဆိုးကျိုးများကို
ဖော်ပြကာ မြန်မာနိုင်ငံ ပညာရေးမူဝါဒနှင့် ဥပဒေရေးဆွဲ ရာတွင် ထည့်သွင်းစဉ်းစားသွားမည်
ဖြစ်ကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မင်းက ပြောသည်။

"မြန်မာနိုင်ငံတွင် လက်တွေ့ကျသောပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိနေပါတယ်။
အထူးသဖြင့် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေး ဥပဒေကို ဖော်ဆောင်ဖို့အတွက်
ရေးဆွဲနေတာဖြစ်ပါတယ်။ ဒီလိုစီမံဆောင်ရွက်စဉ်မှာ ကျွန်တော်တို့ ပညာရေးတက္ကသိုလ်ကို
နာဂိုယာတက္ကသိုလ်က တာဝန်ရှိသူများ ရောက်ရှိနေပါတယ်။ နာဂိုယာတက္ကသိုလ်မှာက အဓိက
အားဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ သီးသန့်ဌာန တစ်ခုရှိပါတယ်။ အဲဒီအတွက်
ကြောင့် ဂျပန်နိုင်ငံမှာရှိတဲ့ ပညာရေးမူဝါဒနဲ့ ဥပဒေဆီက အားနည်းချက် အားသာချက်တွေ
အတွေ့အကြုံတွေကို ဒီက ပညာရေး ပြုပြင်ပြောင်းလဲ ဖို့လုပ်နေတဲ့သူတွေနဲ့ ဆွေးနွေးသွားမှာ
ဖြစ်ပါတယ်"ဟု ဒေါက်တာ အောင်မင်း ကပြောသည်။

ဆွေးနွေးပွဲတွင် နာဂိုယာတက္ကသိုလ်မှ ပညာရှင်များနှင့် မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှု
တွင် ပါ၀င်သည့် ပညာရှင်များပါ၀င် ဆွေးနွေးသွားကြပြီး ဂျပန်နိုင်ငံ၏ ပညာရေး ပြုပြင် ပြောင်းလဲမှု
တွေကို အဓိက ဆွေးနွေးသွားကြသည်။

"ဂျပန်နိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လေးကြိမ် ပြောင်းလဲပြီးဖြစ်ပါတယ်။ ထပ်ဆင့်
ထပ်ဆင့် ပြုပြင်ပြောင်းလဲမှုတွေက လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိတဲ့အတွက်ကြောင့်
ထပ်ဆင့်ထပ်ဆင့် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ လိုအပ်တဲ့ အားနည်းချက်
လိုအပ်ချက်တွေကို ထပ်ဆင့်ထပ်ဆင့် ပြောင်းလဲတဲ့ အတွေ့အကြံုမျိုးကို မြန်မာပြည်မှာ
မဖြစ်အောင်လို့ အတတ်နိုင်ဆုံး ကျွန်တော်တို့က အချိန်တိုအတွင်းမှာ ပြီးမြောက်စေချင်ပါတယ်။
ထိရောက် လျင်မြန်စွာနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ဆီမှာ
ကြံုတွေ့ခဲ့ရတဲ့ အတွေ့အကြံုတွေကို လေ့လာပြီး ကိုယ့်ကျရင် အဲဒီလိုမျိုး မဖြစ်အောင် အခွင့်အရေး
တွေရယူပြီး ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ဒီလိုဆွေးနွေးပွဲလုပ်ဖြစ်တာဖြစ်ပါတယ်"ဟု
ဒေါက်တာအောင်မင်းက ဆိုသည်။

"ဒီဆွေးနွေးပွဲမှာ ဂျပန်ရဲ့ လက်ရှိပညာရေး ဘယ်လိုဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းသွား
မှာဖြစ်ပါတယ်။ ဂျပန်ပညာရေး စနစ်ရဲ့ ကောင်းတာတွေ မကောင်းတာတွေ အားလုံးကို ဖော်ပြသွား
မှာဖြစ်ပါတယ်။ ဒီကောင်းတာတွေကို ကျတော့ မြန်မာရဲ့ ပညာရေးစနစ်မှာ ဘယ်လိုမျိုးအသုံးဝင်
မလဲ ဘယ်လိုမျိုး အသုံးချနိုင်မလဲ ဆိုတာကို ဆွေးနွေးသွားမှာပါ။ အစိုးရကနေ မြန်မာပြည်ရဲ့
ပညာရေးကို ဘယ်လောက်အထိ ကူညီသွားမယ် ပူးပေါင်းသွားမယ် ဆိုတာပြောပြလို့ မရပါဘူး။
ဒါပေမဲ့ နာဂိုယာတက္ကသိုလ်အနေနဲ့ကတော့ ဒီမြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လေ့လာပြီး
သုတေသနတွေပြုလုပ်ပြီးတော့ ဒီ Academic ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်သွားမှာ
ဖြစ်ပါတယ်"ဟု နာဂိုယာတက္ကသိုလ်က ပါမောက္ခ တက်ဆုဟိကို အာဂျီမက ပြောသည်။

"အမျိုးသားပညာရေး ဥပဒေက ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အဓိကအရေးကြီး
ပါတယ်။ ဒီအမျိုးသားပညာရေးဥပဒေနဲ့ မူဝါဒ ပြဋ္ဌာန်းပြီးသွားမှ နောက်ကျန်တဲ့ အပိုင်းတွေဖြစ်တဲ့
တက္ကသိုလ်ပညာရေး ဥပဒေတို့၊ အသက်မွေးဝမ်းကျောင်းပညာရေး ဥပဒေတို့ အစရှိတဲ့ ဥပဒေတွေ
ကို ပြဋ္ဌာန်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမျိုးသားပညာရေး ဥပဒေရေးဆွဲတဲ့အခါမှာ
ဂျပန်နိုင်ငံမှာရှိတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေရဲ့ အားနည်း အားသာချက်တွေကို ဆွေးနွေး
သွားတာဖြစ်ပါတယ်။ ဒီလိုမြန်မာနိုင်ငံမှာ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းတာ နောက်ကျတယ်
ဆိုပေမယ့် အဲဒီ အရှေ့က လုပ်သွားတဲ့သူတွေရဲ့ အမှားမျိုး အခက်အခဲမျိုးတွေကို သိရင် ပြုပြင်
နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန
ဥက္ကဋ္ဌ ဦးသန်းဦး ကပြောသည်။

Nagoya University သည် ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းပြီးလည်း Legal research centre
တစ်ခုကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး