ရန်ကုန်တိုင်းဒေသကြီးအတွင်း အလှပြင်ဆိုင်နှင့် ကေတီဗီ မီးလောင်မှုကြောင့် တစ်ပတ်အတွင်း
လူရှစ်ဦးသေဆုံးခဲ့ပြီး ၁၁ လတာ ကာလအတွင်း မီးလောင်မှု ၂၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်
ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ သရီးစီးဆင်း
ကေတီဗီဆိုင်မှာ မီးလောင်ကျွမ်းခဲ့ပြီး မီလောင်မှုကြောင့် ဆိုင်ဝန်ထမ်း အသက် ၁၈ နှစ် အရွယ်
အမျိုးသမီးတစ်ဦး အိမ်သာအတွင်း မီးခိုးမွှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ရှိ လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုနှင့် ပတ်သက်၍
ဆိုင်မန်နေဂျာ ဦးဝင်းမြင့်ဆန်း အား သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက်၊
ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဂန္ဓမာဟိုးဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် ကုန်တိုက်အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်
တွင် လျှပ်စစ်မီးပူ မီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင် ကျွမ်းခြင်းဖြစ်ပြီး
ကျား သုံးဦးနှင့် မ လေးဦး မီးခိုးမွှန် သေဆုံးခဲ့သောကြောင့် ဆိုင်မန်နေဂျာ ထွန်းထွန်းအား အမှုဖွင့်
အရေးယူခဲ့မှုများ ပါ၀င်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဇန်နဝါရီလမှ နို၀င်ဘာလအတွင်း မီးလောင်မှု ၁,၅၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး
မီးလောင်မှုများတွင် ပေါ့ဆမီးကြောင့် မီးလောင်မှု ၅၃၄ ကြိမ်၊ မီးဖိုမီးကြောင့် မီးလောင်မှု ၃၆၉ ကြိမ်၊
အလိုအလျှောက် မီးလောင်မှု ၃၃ ကြိမ်၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပွာရာမှ မီးလောင်မှု ၂၀၈ ကြိမ်၊
မီးရှို့့ မှု ၂၀၈ ကြိမ်နှင့် တောမီးလောင်မှု ၁၁၁ ကြိမ်ရှိခဲ့ကြောင်း သိရသည်။
















