ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဖမ်းဆီးမှု ယခင်နှစ်နှစ်ကထက် လျော့နည်းလာဖွယ်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဖမ်းဆီးမှု ယခင်နှစ်နှစ်ကထက် လျော့နည်းလာဖွယ်ရှိ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မူးယစ် ဆေးဝါးဖမ်းဆီးမှုမှာ သုံးနှစ်တာနှိုင်း ယှဉ်ချက်အရ ယခုနှစ်
တွင် ပိုမိုလျော့နည်းလာဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ
သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၁၁ ခုနှစ် တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှု
၃၁၇ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၆ မှုရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ပထမပတ်အတွင်း
ဖမ်းဆီးမှု ၂၇၄ မှု ရှိခဲ့သည်။

"ဒီနှစ် ရန်ကုန်မှာဖမ်းဆီးတဲ့ မူးယစ်ဆေးဝါးမှုက ၂၀၁၁-၁၂ ခုနှစ် ဖမ်းဆီးမှုတွေနဲ့စာရင် အများကြီး
လျော့ကျလာတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ကျေးရွာ၊ ရပ်ကွက် အလိုက်
အသိပညာပေးဟောပြောမှုတွေကို သူ့အပိုင်အလိုက်၊ မြို့မရဲစခန်းတွေအလိုက် လုပ်လာကြတယ်။
စာသင်ကျောင်းတွေမှာလည်း လုပ်တယ်။ နောက်ပြီး လူစည်ကားတဲ့နေရာတွေမှာ၊ ခရိုင်လေးခရိုင်
မှာရှိတဲ့ မြို့နယ်တွေမှာလည်း စိုက်ထူပြီး အသိပညာပေးမှုတွေ စတင်ဆောင်ရွက်နေပါပြီ။
အရင်ထက်စာရင် ဒီနှစ် ရန်ကုန်မှာ မူးယစ်ဖမ်းဆီးမှုက ပိုပြီးတော့ နည်းလာတယ်"ဟု ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်နှင့်ဆက်စပ် တိုင်းဒေသကြီးများတွင်မူ မူးယစ်ဆေးဝါးများ မကြာခဏဖမ်းဆီးရမိမှုများ
ရှိနေသည်။

သက်ဆိုင်ရာ မူးယစ်ဖော်ထုတ်ချက်များအရ ယခုလတွင် ဖမ်းဆီးရမိမှုများ၌ ဒီဇင်ဘာလ ၁၉ ရက်
နေ့ နံနက် ၂ နာရီအချိန်တွင် အမှတ်(၇) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မုံရွာ)မှ
တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မုံရွာမြို့အဝင် ဘန့်ဘွေးယာဉ်ဖြတ်သန်းခ
ကောက်ခံရေးဂိတ်၌ ကဘော်ရွှေပြည် ယာဉ်လိုင်းမှ တမူးမြို့၊ စော်ဘွားကုန်းရပ်ကွက်နေ ဘုန်းကျော်
(၄၀)နှစ် မောင်းနှင်လာသည့် ဟိုက်အေ့စ်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့ရာ အက်ဖီဒရင်း ကိုးကီလို၊
တန်ဖိုးငွေကျပ်သိန်း ၄၅၀ ဖိုး သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၂)မူးယစ်ဆေးဝါး
တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ
သက်သေများနှင့်အတူ နမ့်ခမ်းမြို့နယ်၊ မန့်နောင်ကူးတို့ဆိပ်တွင် နမ့်ခမ်းမှ မန့်နောင် ကူးတို့ဆိပ်သို့
အမှတ်(၁၆၁)၊ အမှတ်(၈) ရပ်ကွက်၊ နမ့်ခမ်းမြို့နေ စိုင်းအုန်းကျော်(၄၉)နှစ် မောင်းနှင်လာသည့်
ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်တူး ဘောက်အတွင်းမှ ဘိန်းစိမ်း ၁ ဒသမ ၅ ကီလို၊ တန်ဖိုးငွေကျပ်
၁၅ သိန်းနှင့် ၈၈ နှင့် ၁ စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ပြား၊ တန်ဖိုးငွေ
ကျပ် ၃၉ သိန်းတို့အား ဖမ်းဆည်း ရမိခဲ့သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)အရ ဘိန်းဖြူကို သုံးဂရမ်အောက်၊ ဆေးခြောက် ၂၅ ဂရမ်အောက်၊
စိတ်ကြွရူး သွပ်ဆေးပြားသုံးဂရမ်အောက် ၃၀ ပြားကို လက်ဝယ်ထားရှိခြင်း သယ်ယူ ပို့ဆောင်ခြင်း၊
တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ် အထိ
ချမှတ်ခံရမည်ဖြစ်ပြီး အဆိုပါ အလေးချိန်နှင့်အထက် ဖြစ်ပါက ထောင်ဒဏ် အကန့်အသတ်မရှိ
ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး