တော်ဝင်စက်ရုံမှ အလုပ်သမားများ ကြားကာလ နစ်နာကြေးရမည်

တော်ဝင်စက်ရုံမှ အလုပ်သမားများ ကြားကာလ နစ်နာကြေးရမည်

ကာလရှည် အငြင်းပွားလျက်ရှိသော တော်ဝင် သစ်အချောထည်စက်ရုံမှ လုပ်သားများကို
အလုပ်ပြန်ခန့်ရန် ပျက်ကွက်သောကြောင့် ပေးဆောင်ရမည့် ကြားကာလ နစ်နာကြေးအား
အလုပ်ရှင်က သက်ဆိုင်ရာဌာနထံ အပ်နှံပြီးဖြစ်သော်လည်း စာရင်းလွဲမှားနေမှုကြောင့်
အလုပ်သမားများဘက်မှ နစ်နာကြေးထုတ်ယူရာတွင် ပြန်လည် ပြင်ဆင်စရာများရှိကြောင်း
သိရသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက သစ်အချောထည်စက်ရုံမှ အလုပ်သမားများအား
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပြောင်းရွှေ့တာဝန်ချထားခြင်း မပြုဘဲ စက်ရုံတွင်း၌သာ
အလုပ်လုပ်ခွင့်ရရန်၊ တစ်ရက်လျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် အမြဲတမ်းဝန်ထမ်း ခန့်ထားရန်အပါအဝင်
အခြားအချက်များ တောင်းဆိုမှုကြောင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားခဲ့သည်။

အလုပ်သမားများအား စက်ရုံတွင်း၌ အလုပ်ပြန်ခန့်ရန် ခုံသမာဓိအဖွဲ့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ
လယ်ခန့်က အမိန့်ချမှတ်ခဲ့ပြီး စက်ရုံပိုင်ရှင်ဘက်က ခုံသမာဓိကောင်စီသို့ အယူခံဝင်ခဲ့သည်။

သို့သော် ခုံသမာဓိကောင်စီကလည်း ဒီဇင်ဘာလ နှောင်းပိုင်းတွင် အလားတူဆုံးဖြတ်ချက်ကိုသာ
ချမှတ်ခဲ့ပြီး အဖွဲ့နှင့် ကောင်စီ၏ ဆုံးဖြတ်ချက် ကြားကာလတွင် အလုပ်ဆင်းရန် စောင့်ဆိုင်းနေရ
သည့် အလုပ်သမားများအတွက် ကြားကာလနစ်နာကြေးကို အလုပ်ရှင်ဘက်မှ ပေးရန် ကောင်စီက
တစ်ပါတည်း ဆုံးဖြတ်ခဲ့သည်။

သို့သော် အလုပ်ရှင်ဘက်က ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက်
သတ်မှတ်ရက် ရက် ၃၀ အတွင်း ပေးဆောင်ရမည့် အလုပ်သမား ၁၇၅ ဦးအတွက် နစ်နာကြေး
ငွေကျပ် ၆၆ သိန်းကျော်အစား အတိုးတက်သွားပြီး ကျပ်သိန်း ၂၀၀ ကျော်ပေးဆောင်ရခြင်း
ဖြစ်ကြောင်း အလုပ်သမားများအား ကူညီပေးနေသည့် ကိုကျော်ကျော်က ပြောသည်။

"ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိတဲ့အကြောငး်ကို အလုပ်သမားတွေကပြောတော့ ရုံးက
ပိုင်ရှင်ကို လှမ်းပြီး စာပို့တယ်။ အဲဒါကိုလည်း မလိုက်နာတဲ့အတွက် စက်ရုံက ပစ္စည်းတချို့ကို
၀ရမ်းစာသွားကပ်တော့မှ ကျန်ရှိနေတဲ့ ကြားကာလနစ်နာကြေးကို ပေးတာပါ" ဟု ၎င်းက
ဆက်လက်ပြောသည်။

အဆိုပါ ငွေများကို အလုပ်သမားရုံးမှ ထိန်းသိမ်းထားပြီး အလုပ်သမားများက မှတ်ပုံတင်နှင့်
ရပ်ကွက်ထောက် ခံစာယူဆောင်ကာ ရွှေပြည်သာမြို့နယ်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ
စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်ထွန်းထံတွင် ထုတ်ယူနိုင်သည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး