မြန်မာနိုင်ငံရှိ အခြေခံကျောင်းများတွင် သတင်းအချက်အလက်နှင့် ကွန်ပျူတာနည်းပညာရပ် (ICT)
များထောက်ပံ့မှု ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံရှိ ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Sejong
City Office Education နှင့် အမှတ်(၃) အခြေခံပညာဦးစီးဌာန (ရန်ကုန်)တို့၏ နားလည်မှု
စာချွန်လွှာ ရေးထိုးမှုကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာဦးစီးဌာန၌
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
"ဒါက ကျွန်တော်တို့ အခြေခံ ပညာကျောင်းနဲ့ နိုင်ငံခြား အဖွဲ့အစည်း နားလည်မှု စာချွန်လွှာရေးထိုး
တာက ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ သူတို့က ဒီအခြေခံကျောင်းရဲ့ နည်းပညာရပ်တွေမှာ
လိုအပ်တာတွေကို ထောက်ပံ့ပေးသွားမယ်" ဟု ရန်ကုန် တောင်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှုး ဦးခင်အောင်ရီက ပြောသည်။
အဆိုပါ ကိုရီးယား အဖွဲ့အစည်းသည် ရန်ကုန်မြို့ရှိ အ.လ.က(၁) အင်းစိန်နှင့် အ.မ.က(၁)
ကမာရွတ် တို့သို့ ကွန်ပျူတာ အလုံး ၆၀ ခန့်လှူဒါန်းသွားမည်ဖြစ်သည်။
"ကျောင်းတွေကိုတော့ ကျွန်တော်တို့က ရွေးပေးရတာပါ။ ပြီးတော့ ဒီကျောင်းတွေကလည်း
အမှန်တကယ်ပဲ ကွန်ပျူတာ တစ်လုံးမှ မရှိတဲ့အတွက် ရွေးချယ်ခဲ့တာပါ"ဟု ဦးခင်အောင်ရီ က
ပြောသည်။
ရန်ကုန်မြို့ ရှိ အခြေခံကျောင်းများမှ ဆရာ၊ ဆရာမများ ကိုရီးယားနိုင်ငံသို့ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင်
၁၄ ရက်ကြာ ဆရာဖြစ်သင်တန်း သွားရောက် တက်ရောက်ရန်အတွက်လည်း Sejong City
Office Education မှ အထောက်အပံ့ ပေးမည်ဖြစ်သည်။
















