ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် ထူးချွန်ကျောင်းသားများကို အမှတ်
အကန့်အသတ်မရှိဘဲ တိုးမြှင့်ခေါ်ယူခဲ့ပြီး ၎င်းတို့နေထိုင်ရန် အဆောင်များ ထားရှိပေးသွားမည်
ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်၌ ၁၉၉၆ ခုနှစ်က စတင်၍ ဘွဲ့ကြိုသင်တန်းများကို ပိတ်ခဲ့ပြီး ယခုနှစ် ၂၀၁၃-၁၄
ပညာသင်နှစ်မှ စတင်ကာ မေဂျာတစ်ခုစီတွင် ထူးချွန် ကျောင်းသား ၁၅ ဦးစီခေါ်ယူပြီး ၀ိဇ္ဇာ-သိပ္ပံ
မေဂျာ ၂၀ ခုဖြင့်စတင် ဖွင့်လှစ်ခဲ့သည်။
ယခုအခါတွင် မေဂျာတစ်ခုတွင် ကျောင်းသား ၅၀ ဦးလက်ခံမည်ဖြစ်ရာ မေဂျာ ၂၀ ခုတွင်
ကျောင်းသား ၁,၀၀၀ ခန့် လက်ခံသွားမည်ဖြစ်သည်။
"ကျွန်တော်တို့ အစကတော့ အဆောင်တွေထားဖို့ အစီအစဉ် မရှိခဲ့တဲ့အတွက် မေဂျာ တစ်ခုကို
ထူးချွန် ကျောင်းသား ၁၅ ယောက်ခေါ်ခဲ့ပါတယ်။ အခု အဆောင်တွေ စတင်ထားဖို့ စီစဉ်တဲ့အခါမှာ
ကျောင်းသားတွေကိုလည်း တိုးမြှင့်ခေါ်မယ်။ ပြီးတော့ ဆရာတွေ တစ်ခန်းမှာ ကျောင်းသား
ဘယ်လောက်ကို ထိထိရောက်ရောက် သင်နိုင်မယ့် အရေအတွက်ကို ခန့်မှန်းပြီးတော့ မေဂျာတစ်ခု
ကို ကျောင်းသား အယောက် ၅၀ ခန့်တိုးမြင့်ခေါ်ယူတာပါ"ဟု ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ
ဦးတင်ထွန်းက ပြောသည်။
အဆောင်များ ထားရှိပေးရာတွင် ရန်ကုန်တက္ကသိုလ်သာမက အမျိုးသား စီမံခန့်ခွဲမှုဆိုင်ရာ
ကောလိပ် (NMC) နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများကိုလည်း
လက်ခံသွားမည်ဖြစ်သည်။
"ကျောင်းသားတွေကိုတော့ အမှတ်အကန့်အသတ်နဲ့ ခေါ်ယူထားတာမျိုး တော့မရှိဘူး။ ဒါပေမဲ့
လျှောက်ထားတဲ့ ကျောင်းသားတွေထဲကမှ အမှတ်အမြင့်ဆုံး ကျောင်းသားတွေကို ခေါ်ယူထားတာ
ပါ"ဟု ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာမှူး ဒေါက်တာလှဆွေ ကပြောသည်။
"စစချင်းတုန်းကဆို တချို့မေဂျာမှာ ဆိုရင်ကျောင်းသားတွေတောင် သိပ်မရှိပါဘူး။ အခုတော့
ကျောင်းသားတွေက အရင်ကလောက် အမှတ်သိပ်မများတော့ နောက်ထပ်လျှောက်တဲ့
ကျောင်းသားတွေ များလာပြီးတော့ တက်ဖို့ အခွင့်ရေးလည်း ရနိုင်တာပေါ့"ဟု ဒေါက်တာလှဆွေ
က ပြောသည်။
ထူးချွန်ကျောင်းသား ထပ်မခေါ်မီအချိန်က ထူးချွန်ကျောင်းသားကျောင်းသူ ၁၇၆ ဦးခန့်သာ
တက်ရောက်ခွင့် ရရှိခဲ့ပြီး ယခုအခါတွင် ၈၈၆ ဦးခန့် ထပ်မံတက်ရောက်ခွင့် ရရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်ကြားလျက်ရှိ သောသင်ရိုးများမှာ အခြား
တက္ကသိုလ်များ၏ သင်ရိုးအတိုင်းဖြစ်သော်လည်း သင်ကြားမှုတွင် ကွာခြားသွားမည် ဖြစ်ကြောင်း
ဒေါက်တာတင်ထွန်းက ပြောသည်။
"သင်ရိုးက တခြားသင်ရိုးအတိုင်း ဖြစ်ပေမယ့် ဒီကျောင်းတွေမှာကျတော့ သူတို့တွေမှာ နိုင်ငံတကာ
အတွေ့အကြံုတွေနဲ့ သင်ကြားမှုပိုင်းမှာကျတော့ ကွာခြားမှုတွေရှိသွားမယ်။ ဒီမှာက Child Centre
Approach(ကျောင်းသားဗဟိုပြု သင်ကြားနည်း)နဲ့ အဓိက သင်ကြားသွားပြီးတော့ စာတွေကို
ကိုယ်တိုင်လေ့လာရမယ့် အပိုင်းတွေ ပိုများသွားမယ်"ဟု ၎င်းက ပြောသည်။
ကျောင်းသား၊ ကျောင်းသူများ အတွက် အဆောင်ရှစ်ဆောင် ထားရှိသွားရန် စီစဉ်ထားပြီး
ကျောင်းသားများ အတွက် အဆောင်လေးဆောင်နှင့် ကျောင်းသူများအတွက် အဆောင်
လေးဆောင် ထားရှိသွားမည်ဖြစ်ပြီး ကျောင်းသား ၆၀၀ နှင့် ကျောင်းသူ ၁,၀၀၀ စုစုပေါင်း ဦးရေ
၁,၆၀၀ ခန့် ထားရှိသွားရန် စီစဉ်ထားသည်။
ကျောင်းသားများအတွက် ရန်ကုန်တက္ကသိုလ် နယ်နိမိတ်အတွင်းရှိ အင်းဝဆောင်၊ စစ်ကိုင်းဆောင်၊
ပင်းယဆောင်နှင့် ပဲခူးဆောင်တို့၌ ထားရှိသွားမည် ဖြစ်ပြီး ကျောင်းသူများအတွက်
အင်းလျားဆောင်၊ ဒဂုံဆောင်၊ ရွှေဘိုဆောင်နှင့် အင်ကြင်းဆောင်တို့တွင် ထားရှိသွားမည်ဖြစ်သည်။
"ကျောင်းသား၊ ကျောင်းသူတွေကို အဆောင်ထားဖို့ စဉ်းစားလိုက်တဲ့အခါကျတော့ အဆောင်နေ
ကျောင်းသားတွေထက် ကျောင်းသူအရေအတွက်က ပိုပါတယ်။ အဲဒီ အတွက်ကြောင့် မိန်းကလေး
အဆောင်လုပ်ဖို့လိုက်ရှာရတယ်။ အဲဒီအခါကျတော့ အရင်ကကျောင်း သားဆောင်တွေဖြစ်တဲ့
ရွှေဘိုဆောင် နဲ့ ဒဂုန်ဆောင်တွေက ကျောင်းသား အရေအတွက် ပိုဆံ့တဲ့အတွက်ကြောင့်
မိန်းကလေးဆောင်ထားဖို့ ဖြစ်သွားတာပါ။ ဒါက ရာသက်ပန်သဘောမျိုးလည်း မဟုတ်ပါဘူး။
နောက် ကျောင်းဆောင်သစ်တွေ ထပ်တိုးချဲ့လာတဲ့အခါ ကျောင်းသားဆောင်လည်း ဖြစ်ချင်ဖြစ်
သွားနိုင်ပါတယ်"ဟု ဒေါက်တာတင်ထွန်းက ပြောသည်။
ကျောင်းသူများအတွက် အဆောင်များကို လှိုင်နယ်မြေတွင် ထပ်မံတိုးချဲ့ ရန် အစီအစဉ်များလည်း
ရှိပြီး အလျဉ်သင့်သလို အမျိုးသားဆောင်တစ်လှည့် အမျိုးသမီးဆောင်တစ်လှည့် ထားသွားရန်
အစီအစဉ်များလည်း ရှိကြောင်း ထပ်မံပြောသည်။
သို့ရာတွင် ထိုသို့ စီစဉ်ထားမှုများ အပေါ် သဘောမတူ ကန့်ကွက်မှုများလည်း ရှိနေသည်။
"ကျွန်တော်တို့အနေကတော့ အရင် အမျိုးသားဆောင်တွေကို အမျိုးသမီး ဆောင်တွေထားတာမျိုး
ကို သဘော မတူပါဘူး။ ကျွန်တော်တို့ သမိုင်း အဆက်အဆက် ယောကျ်ားလေး အဆောင်ကနေ
အခု မိန်းကလေးအဆောင်ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ အဆောင် ကျောင်းသားဟောင်းတွေ
အနေနဲ့ သဘောမတူ လက်မခံနိုင်ပါဘူး"ဟု ယခင်ရွှေဘိုဆောင် ကျောင်းသားဟောင်း ဒဿနိက
ဗေဒ ပါမောက္ခ(ငြိမ်း) ဒေါက်တာမောင်ဆောင်က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်
ရွှေဘိုဆောင်၊ ဒဂုန်ဆောင် ကျောင်းသားဟောင်းများ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
"ပြီးတော့ ရွှေဘိုဆောင်၊ ဒဂုန်ဆောင်တွေဆိုတာ ယောကျ်ားလေး အဆောင်ပုံစံ ဖွဲ့စည်းထားတဲ့
အတွက် မိန်းကလေးတွေနေဖို့ဆိုတာ ဘယ်လိုမှ မသင့်တော်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ
အဆောင်တွေ အများကြီးရှိပါတယ်။ အခုဖွင့်ထားတဲ့ သီရိဆောင်နဲ့ မာလာဆောင်က သင်တန်း
တွေကို တခြားနေရာပြောင်းပြီးတော့ အဲဒီမှာ မိန်းကလေးဆောင် ပြန်ထားလည်း အဆင်ပြေပါ
တယ်"ဟု ၎င်းက ပြောသည်။
ဒေါက်တာလှရွှေကမူ ရန်ကုန် တက္ကသိုလ်နယ်မြေအတွင်းရှိ ရတနာဆောင်နှင့် သထုံဆောင်များ
တွင် ရန်ကုန် တက္ကသိုလ်ကျောင်းတွင်းရှိ ဆရာ၊ ဆရာမများအတွက် အဆောင်ပေးထားပြီး ကျန်ရှိ
သည့် အဆောင်များထဲကမှ မိန်းကလေးဆောင် ရွေးချယ်ရာတွင် မိန်းကလေးများ နေထိုင်ရန်
လုံခြံုမှုကိုပြုပြင်ရန် အဆင်ပြေသည့် ရွှေဘိုဆောင်နှင့် ဒဂုန်ဆောင်တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောသည်။
"ကျန်တဲ့ယောကျ်ားလေး အဆောင်တွေဖြစ်တဲ့ အင်းဝဆောင်၊ စစ်ကိုင်းဆောင်၊ ပင်းယဆောင်၊
ပဲခူးဆောင်နဲ့ သထုံဆောင်တွေက သီးသန့် တစ်ဝင်းထဲမှာပုံစံမျိုး ဖြစ်နေတာ။ ရွှေဘိုဆောင်နဲ့
ဒဂုန်ဆောင်တွေက သီးသန့် နှစ်ဆောင် ပုံစံမျိုးဖြစ်နေတဲ့အတွက် လုံခြံုရေးအရလည်း ပြုပြင်မှုတွေ
လုပ်ရတာ အဆင်ပြေတဲ့အတွက် ရွေးချယ်ခဲ့တာပါ။ မိန်းကလေးအရေအတွက်နဲ့ အဆင်ပြေတဲ့
အဆောင်မျိုးတွေ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်"ဟု ဒေါက်တာလှဆွေက ပြောသည်။

















