နိုင်ငံခြားရေး ၀န်ကြီးရုံးဟောင်းအား စီးပွားရေးစင်တာအဖြစ် ဖွင့်လှစ်

နိုင်ငံခြားရေး ၀န်ကြီးရုံးဟောင်းအား စီးပွားရေးစင်တာအဖြစ် ဖွင့်လှစ်

ဒဂုံမြို့နယ် ပြည်လမ်းနှင့် သံတမန်လမ်းပေါ်ရှိ ယခင်နိုင်ငံခြားရေးဝန်ကြီးရုံးအဖြစ် အသုံးပြုခဲ့သော
ကိုလိုနီခေတ်အဆောက်အအုံ သုံးလုံးအား JUNE XI စီးပွားရေး စင်တာနှင့်ဝန်ဆောင်မှုပေးအခန်း
များအဖြစ် Youth Force Hotel ကုမ္ပဏီက စီမံခန့်ခွဲ တည်ဆောက်ခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်နေ့
က တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါ အဆောက်အအုံအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် နှစ် ၆၀ ငှားရမ်းစာချုပ်
ချုပ်ဆိုထားပြီး စာချုပ် သဘောတူညီချက်အရ ရှေးဟောင်းလက်ရာမပျက် ပြန်လည် ပြင်ဆင်မွမ်းမံ
ထားသည့် အခန်းပေါင်း ၂၁၈ ခန်းပါ နိုင်ငံတကာ အဆင့်မီ ဖွဲ့စည်းပြင်ဆင်ထားကြောင်း ကုမ္ပဏီ
အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။

"ဒီဝင်း အကျယ်အဝန်းကတော့ ၁ ဒသမ ရ၂၂ ဧက ကျယ်ဝန်းပါတယ်။ လက်ရှိအဆောက်အအုံ
သုံးလုံးရှိပြီး အခန်းပေါင်း ၂၁၈ ခန်းနဲ့ ခန်းမကျယ်လေးခုလောက် ရှိပါတယ်"ဟု Youth Force
Hotel ကုမ္ပဏီ လူထုဆက်ဆံရေး မန်နေဂျာ ဦးကျော်စိုးဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် အဆိုပါ၀င်း အတွင်းတွင် ခြောက်ထပ်မြင့် အဆင့်မြင့် ၀န်ဆောင်မှုပေးအခန်းများ ဖွဲစည်း
ထားသည့် Service Apartment တစ်လုံးကိုလည်း တည်ဆောက်နေသည်။

"အမှန်တော့ အဲဒီအဆောက်အအုံက ၁၄ ထပ် အဆောက်အအုံဖြစ်ရမှာပါ။ ၁၄ ထပ် အဆောက်
အအုံအဖြစ် ဆောက်လုပ်ခွင့်လည်း ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အထပ်မြင့် အဆောက်
အအုံ ဆောက်လုပ်ခွင့်မပြုတဲ့ ဧရိယာထဲဖြစ်သွားတဲ့ အတွက် မူလ ၁၄ ထပ်အစီအစဉ်ကနေ
ခြောက်ထပ်အဆောက် အအုံအဖြစ် ပြောင်းလဲတည်ဆောက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့
အနေနဲ့ နောက်ပိုင်းအထပ်မြင့် ဆောက်ခွင့် အလားအလာရှိကောင်း ရှိနိုင်သေးတဲ့အတွက်
အဆောက်အအုံရဲ့ အခြေခံအုတ်မြစ်ကိုတော့ အခိုင်အမာ တည်ဆောက်နေပါတယ်။ အကယ်၍
တစ်နှစ်၊ နှစ်နှစ်အတွင်း အထပ်မြင့် ပြန်ဆောက်ခွင့် ပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီ
ခြောက်ထပ်ဆောက်အအုံကိုပဲ ထပ်မြှင့်ဆောက်လိုက်လို့ ရပါတယ်" ဟု ဦးကျော်စိုးဝင်းက
ပြောသည်။

အဆောက်အအုံ ဆောက်လုပ်ပြီးပါက အောက်ဆုံးထပ်တွင် ရုံးခန်းအနည်းငယ် ငှားရမ်းသွားမည်
ဖြစ်ပြီး အပေါ် အထပ်များအား အဆင့်မြင့် ၀န်ဆောင်မှုပေး အခန်းများအဖြစ် ငှားရမ်းမည်
ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာ ကုမ္ပဏီများ၊ စီးပွားရေးအတွက် လာရောက်သော ခရီးသည်များ ယခင်
ထက် ပိုမိုဝင်ရောက်လာရာ ယခုကဲ့သို့ အဆင့်မြင့် ၀န်ဆောင်မှုပေးသည့် အခန်းများစွာ
လိုအပ်လျက် ရှိနေသေးသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ Service Apartment များမှာ Sakura Residence၊ Marina Residence၊
Golden Hill Tower Executive Apartment၊ Espace Avenir နှင့် Micasa Aparment တို့
ဖြစ်သည်။

"အခန်းဈေးနှုန်းတွေက အဆင်သင့် မဖြစ်သေးလို့ပါ။ သေချာတာတော့ လက်ရှိဒီနားတစ်ဝိုက်
အခန်းငှားရမ်းခထက်တော့ ပိုဈေးကြီးမှာပါ။ ဒါတော့ ဒီအဆောက်အအုံဂုဏ်နဲ့ ၀န်ဆောင်မှုကြောင့်
သာဖြစ်ပါတယ်။ လောလောဆယ် အဆောက်အဦး တွေ တစ်ခုလုံး ငှားချင်တဲ့ သူတွေလည်း
ရှိသလို၊ တစ်ခန်း၊ နှစ်ခန်းလောက်ပဲ ငှားချင်တဲ့ သူတွေလည်း ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်
တော့ တစ်ခုလုံးလိုချင်တဲ့လူရှိရင် ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီတစ်ခုတည်းနဲ့ပဲ ဆက်ဆံရမှာ
ဖြစ်တဲ့အတွက် အဲဒါနဲ့ပဲ ဦးစားပေး ညှိနှိုင်းနေပါတယ်" ဟု ဦးကျော်စိုးဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး