လေလွင့်ခွေးများကို အဆိပ်ကျွေး ရှင်းလင်းမှု ပပျောက်ရေး အများပြည်သူက တောင်းဆိုရန်လို

လေလွင့်ခွေးများကို အဆိပ်ကျွေး ရှင်းလင်းမှု ပပျောက်ရေး အများပြည်သူက တောင်းဆိုရန်လို

မြန်မာနိုင်ငံ၌ မြို့နယ်စည်ပင်သာယာရေးဌာနများမှ လေလွင့်ခွေးများကို ရှင်းလင်းရာတွင်
အဆိပ်ကျွေး သုတ်သင်သည့်စနစ်ကို အများပြည်သူများက မကြိုက်ကြသော်လည်း ပြောင်းလဲရန်
အတွက်မူ လက်ရှိ တိရစ္ဆာန်ညှဉ်း ပန်းနှိပ်စက်ခြင်းမှ ကာကွယ်ပေးသည့် ဥပဒေကို ပြောင်းလဲ
ပြင်ဆင်ရမည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကျွန်တော်တို့နိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အများပြည်သူက တိုင်ကြားတယ်ဆိုရင်
စည်ပင်ဌာနက သုတ်သင်လို့ရတယ်။ ဒါကြောင့် တိရစ္ဆာန်တွေကိုသုတ်သင်တဲ့ ဒီစနစ်ကို
မကြိုက်ဘူးဆိုရင် ဥပဒေကို ပြင်ဆင်ပေးဖို့အတွက် အများပြည်သူရဲ့ တောင်းဆိုမှု လိုအပ်မယ်
ထင်တယ်"ဟု တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရောဂါရှာဖွေထိန်းချုပ်ရေး ဌာနခွဲမှ
ဒေါက်တာကျော်နိုင်ဦးက ပြောသည်။

သို့သော် ယခုအထိတိုင် အဆိုပါ ဥပဒေကို ပြင်ဆင်ရန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ
တာဝန်ယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လေလွင့်ခွေးများကို ရှင်းလင်းသည့် လုပ်ငန်းကို လုပ်ဆောင်ရန်အတွက် လေလွင့်
ခွေးများရှင်းလင်းရေးဌာနများက ၂၀၀၈ ခုနှစ်မှ စတင်ပြီး စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည်။

မှတ်တမ်းများအရ တစ်လလျှင်ပျမ်းမျှ ကောင်ရေ ၂,၅၀၀ မှ ၃,၀၀၀ ကျော်ရှိပြီး ၂၀၁၁-၁၂ ခုနှစ်
များတွင် ၃၈,၀၀၀ ကျော် ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် နိုင်ငံတကာတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေအရ တိရစ္ဆာန်များကို ညှဉ်းပန်း
နှိက်စက်ခြင်း၊ သတ်ဖြတ်ခြင်းကို တားမြစ်ထားပြီး ခွေးများကို ယခုကဲ့သို့ ရှင်းလင်း သေုတ်သင်ခြင်း
ကို အရှေ့တောင်အာရှ၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကသာ ပြုလုပ်လျက်ရှိကြောင်း တိရစ္ဆာန်
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ရောဂါရှာဖွေထိန်းချုပ်ရေး ဌာနခွဲမှ ဒေါက်တာကျော်နိုင်ဦးက
ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က  ဗိုလ်အောင်ကျော်လမ်းတွင် ခွေးများအား အဆိပ်ကျွေးရှင်းလင်းနေသည့် စည်ပင်ဝန်ထမ်းတစ်ဦး။ ဘူးသီး/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းဘေးခွေးများ ရှင်းလင်းသုတ်သင်ခြင်းများကို
တာဝန်ယူဆောင်ရွက်နေသည့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ စည်ပင်ဝန်ထမ်းများ
ကလည်း ၎င်းတို့အနေဖြင့် အဆိုပါလုပ်ငန်းများကို မလုပ်ချင်ကြသော်လည်း တာဝန်အရ
လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့က ခွေးရူးရောဂါကာကွယ်ဖို့အတွက် ရှင်းလင်းသုတ်သင်ပေးရတာပါပဲ ဗုဒ္ဓဘာသာ
နိုင်ငံဖြစ်နေတဲ့အတွက် အများစုက အခုလိုလုပ်တာကို မကြိုက်ကြဘူး။ ဒါကြောင့် ၀န်ထမ်းတွေ
လူတွေရဲ့ အပြောအဆိုခံရတာတွေ အရိုက်အနှက်ခံရတာတွေ ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်
တောင် အရိုက်ခံခဲ့ရဖူးပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်
ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနခွဲမှူး ဦးသက်ဝေက ပြောသည်။

သို့သော်တာဝန်အရ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေရပြီး မြို့နယ်အုပ်ချုပ်ရေး
တာဝန်ခံများ၏ အကူအညီကို ရယူကာ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ရကြောင်း ၎င်းက
ပြောသည်။

တစ်ခါတစ်ရံတွင် မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံများက မပူးပေါင်းသဖြင့် အခက်အခဲတွေ့ရသော်လည်း
ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့မှ လွဲပြီး ခွေးလေခွေးလင့် ရှင်းလင်းရေးလုပ်ငန်းများကို တာဝန်ယူ
ဆောင်ရွက်လျက်ရှိသည်ဟု ဦးသက်ဝေက ပြောသည်။

ရန်ကုန်မြို့၌ နေထိုင်ပြီး ခွေးလေခွေးလွင့်များကို ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်
နေသည့် မမြတ်သက်မွန်က ယခုကဲ့သို့ ခွေးများကို စည်ပင်ဌာနက သတ်ဖြတ်နေခြင်းနှင့်
ပတ်သက်၍ တိရစ္ဆာန်များအပေါ် ဆိုးဝါးသည့် လုပ်ရပ်ဖြစ်ကြောင်းပြောသည်။

"စည်ပင်ဌာနက သူတို့ တာဝန်အရ လုပ်ရတာကို နားလည်ပါတယ်။ ဒါပေမဲ့ အဆိပ်ကျွေးပြီးတော့
မချိမဆံ့ ခံစားရတာကိုတော့ မကြည့်ရက်ပါဘူး။ ကျွန်မတို့လို တိရစ္ဆာန်ချစ်တဲ့ သူတွေနဲ့ ပူးပေါင်းပြီး
ရှင်းလင်းရေးအစား ပုံစံပြောင်းပြီး ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေကို လုပ်မယ်ဆိုရင်
ပိုကောင်းမယ်လို့ ကျွန်မ ထင်ပါတယ်"ဟု မမြတ်သက်မွန်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး