ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်ကို တားမြစ်
လိုက်သည့်အတွက် ခရီးသည်များ အဆင်ပြေစေရန် အဆိုပါ ဟိုင်းလပ်များပြေးဆွဲနေသည့်
လမ်းကြောင်းတွင် ပြေးဆွဲနေသော လမ်းကြောင်းတူ အခြားယာဉ်များဖြင့် အစားထိုးပြေးဆွဲကာ
ခရီးသည်များ အဆင်ပြေစေရန်အတွက် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ယခင်က မထသ(ရန်ကုန်တိုင်းဒေသကြီး)၊ တောင်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊
ရွှေရန်ကုန် နှင့် စစ်မှုထမ်းဟောင်း (အတွင်း) ယာဉ်လိုင်းများမှ စုစုပေါင်း ဟိုင်းလပ်ယာဉ် ၄၆ လိုင်း
ရှိပြီး စာရင်းရှိယာဉ်စီးရေမှာ ၈၀၄ စီးဖြစ်ကာ တစ်ရက်လျှင် ပျမ်းမျှ ယာဉ်စီးရေ ၅၆၆ စီး ထွက်ရှိပြီး
တစ်ရက်လျှင် စုစုပေါင်း ခရီးသည် ၁၁၇,၃၂၅ ဦးခန့်ကို သယ်ယူပို့ဆောင်ပေးနေသည်။
လက်ရှိတွင် အဆိုပါခရိုင်အားလုံး အတွက် အထောက်အကူပြု ယာဉ်လိုင်းများဖြင့်အစားထိုး ပြေးဆွဲ
ပေးသွားမည်ဖြစ်သည်။
စည်ပင်သာယာနယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်ပိတ်သိမ်းသည်မှာ မဟုတ်ဘဲ
စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ပြေးဆွဲရန်သာ သတ်မှတ်ခြင်းဖြစ်ကြောင်း မထသ (ဗဟို)မှ
ဥက္ကဋ္ဌ ဦးလှအောင်က ဇန်နဝါရီလ ၈ ရက်နေ့ လစဉ် မီဒီယာတွေ့ဆုံ ပွဲတွင် ပြောသည်။
"တိုင်းဒေသကြီးအစိုးရအဖွဲ့က ဟိုင်းလပ်ယာဉ်တွေကို လုပ်ကိုင်ခွင့် မပိတ်ပါဘူး။ စည်ပင်သာယာ
နယ်နိမိတ်အတွင်း ၀င်ရောက်ပြေးဆွဲခြင်း မပြုဖို့ စီမံဆောင်ရွက်ခိုင်းထားခြင်း သာဖြစ်ပါတယ်။
ပြီးတော့ တစ်လအတွင်း ပိတ်သိမ်းမယ်တို့ဘာတို့ဆိုတာလည်းမဟုတ်ပါဘူး။ အဲဒီလောက်
အလောတကြီးမလုပ်ပါဘူး။ ဟိုင်းလပ် ယာဉ်ပိုင်ရှင်တွေကလည်း ကျွန်တော်တို့ ခရီးသည်တွေ
အတွက် ပြင်ဆင်ချိန် နည်းတယ်လို့ပြောတဲ့အတွက် အစိုးရ အဖွဲ့ဝန်ကြီးချုပ်ကိုယ်တိုင်က တစ်လ
အတွင်း ပြင်ကြည့်မယ်လို့ ပြောထားရုံပဲရှိသေးတယ်။ ဘယ်ရက်လုပ်မယ်ဆိုတာ မလာသေးပါဘူး။
ကျွန်တော်တို့ကို ပြောတာကတော့ ဒီဇင်ဘာလတုန်းက ဖြစ်ပါတယ်။ အတိအကျညွှန်ကြားချက်
ထွက်လာရင် အားလုံးကိုအသိပေးမှာပါ" ဟု ဦးလှအောင်က ပြောသည်။
"ဟိုင်းလပ်တွေရှိတဲ့ လမ်းကြောင်းအားလုံးမှာ စီးတီးဘတ်စ်တွေ ရှိတယ်။ ဒိုင်နာတွေလည်းရှိတယ်။
လမ်းကြောင်း တူတဲ့ ကားတွေနဲ့ ဖြည့်စွက်ပြေးဆွဲဖို့ လျာထားပါတယ်။ ဟိုင်းလပ်ယာဉ်တွေ
မပြေးဆွဲရတော့ဘူးဆိုရင် ဘာလုပ်ပေးမလဲလို့ မေးကြပါတယ်။ ကျွန်တော်တို့က လုပ်ငန်းလိုင်စင်
ဆိုတာကို ရှင်းပြတယ်။ ဟိုင်းလပ်တွေက စည်ပင်သာယာ နယ်နိမိတ်အတွင်း မဝင်ရတော့ဘူးဆိုရင်
နယ်နိမိတ်ပြင်ပမှာ ပြေးဆွဲခွင့်ရှိတယ်။ စည်ပင်သာယာထဲမှာပဲ သွားချင်တယ်။ ဘာလုပ်လို့ရလဲ
ဆိုရင် 'က' ကုန်စည်လိုင်စင်နဲ့ ပြောင်းလဲလျှောက်ထားပြီး ပြေးခွင့်ရှိတယ်။ 'က' လိုင်စင် ပြောင်း
မလား၊ စည်ပင်သာယာနယ်နိမိတ် ပြင်ပကို ပြောင်းမလား၊ အဝေးပြေးယာဉ်လိုင်းကို ပြောင်းချင်
လည်းရတယ်" ဟု ဦးလှအောင်က ပြောသည်။
ဟိုင်းလပ်ယာဉ်များကို စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် ပြေးဆွဲရန် သတ်မှတ်လိုက်သည့်
အဓိကအကြောင်းရင်းမှာ ခရီးသွားပြည်သူများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရန်အတွက်
အဓိကထားခြင်းဖြစ်ပြီး ယခင်က စစ်ကျန်ဘတ်စ်များနေရာတွင် ဟွန်ဒိုင်းကားများအစားထိုးပြေးဆွဲခဲ့
သကဲ့သို့ပင် ဟိုင်းလပ်ယာဉ်များအစား မီနီဘတ်စ် ယာဉ်များဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့်
ပြုလုပ်ခြင်းဖြစ်သည်။
"မီနီဘတ်စ်ယာဉ်တွေ အစားထိုးဝယ်ယူတာနဲ့ ပတ်သက်လို့ အထက်က လူကြီးတွေ ဦးဆောင်
ပြီးတော့ ကားတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ တိုင်ပင်ပြီး လုပ်မယ်။ သက်သာတဲ့ နှုန်းထားနဲ့ ရောင်းချ
ရေးအပြင် အရစ်ကျစနစ်နဲ့ ရောင်းချပေးရေးအတွက် တောင်းဆိုသွားမယ်။ ပြီးတော့ စီအင်န်ဂျီ
ရရှိရေးကိုပါ စီစဉ်သွားဖို့ ရှိပါတယ်" ဟု ဦးလှအောင် က ပြောသည်။

















