ရန်ကုန်တက္ကသိုလ်အတွင်းရှိ ယခင်က အမျိုးသားဆောင်များဖြစ်သည့် ရွှေဘိုဆောင်နှင့် ဒဂုံ
ဆောင်တွေကို အမျိုးသမီးဆောင်များအဖြစ် ပြောင်းလဲပြီးနောက် ယင်းအဆောင်များ၏ အနီး
တစ်ဝိုက်တွင် ခြံစည်းရိုးသစ်များ ပြုပြင်ကာဆီးမှုများကြောင့် ကျောင်းတွင်းသွားလာရာတွင်
အခက်ကြုံတွေ့ရကြောင်း တက္ကသိုလ်သို့ တက်ရောက်နေသော ကျောင်းသား ကျောင်းသူများက
ပြောသည်။
ရွှေဘိုဆောင်နှင့် ဒဂုံဆောင်အနီးတစ်ဝိုက်တွင် ယခင်ခြံစည်းရိုးဟောင်းများကို ပြုပြင်တည်ဆောက်
လျက်ရှိပြီး ရွှေဘိုဆောင်ရှေ့မှ ဖြတ်သန်းသွားလာမှုကို တံခါးပိတ်သော့ခတ်လိုက်ခြင်း၊ ယခင်က
ကျောင်းသားကျောင်းသူများ မာလာဆောင်ရှေ့ (မှတ်တိုင်)သို့ ထွက်ရှိ သွားလာသော
ရွှေဘိုဆောင်အနောက်ဘက်ရှိ လမ်းများကို ခြံစည်းရိုးအဖြစ် ကာဆီးပြုလုပ်ထားခြင်းကြောင့်
ထိုလမ်းမှ သွားလာနေသော ကျောင်းသား ကျောင်းသူများအတွက် အခက်အခဲများနှင့် ကြုံတွေ့
နေကြရသည်။
"နံနက်ပိုင်း ကျောင်းလာရင် မာလာဆောင် မှတ်တိုင်ဘက်ကနေ ကျောင်းလာနေကျ။ ပြီးခဲ့တဲ့ရက်
နံနက်ပိုင်းက ရွှေဘိုဆောင်အနောက်ဘက် လမ်းကြားကနေ ဖြတ်လာတုန်း လမ်းမှာ ခြံစည်းရိုး
ပိတ်၊ တံခါးပိတ်ထားတာတွေ့ တော့ နောက်ပြန်လှည့်ပြီး ဂျပ်ဆင်ရှေ့ကနေ ပြန်ထွက်ပြီး အဓိပတိ
လမ်းဘက်ကနေ အချိန်အကြာကြီး ပြန်ကွေ့ပတ်လာရတယ်။ အရင်ရက်က ရွှေဘိုဆောင်ရှေ့က
ဖြတ်သွားခွင့်ပိတ်တာ။ အခု ရွှေဘိုဆောင်အနောက်ဘက်က မဆိုင်တဲ့ သွားလမ်းပါ ထပ်ပိတ်
ထားတယ်။ အဲဒီတော့ ကျောင်းတက်ရင် ကွေ့ပတ်ပြီး လာနေရတယ်" ဟု သင်တန်းကျောင်းသူ
တစ်ဦးဖြစ်သူ မသက်က ပြောသည်။
"လူအဝင်အထွက်များတဲ့ စာသင်ဆောင်တွေ ရှိတဲ့ဘက်ကို အမျိုးသမီးဆောင်တွေ ရှိနေတော့
နေထိုင်တဲ့ ကျောင်းသူတွေအတွက်လည်း မကောင်းသလို ဖြတ်သွားနေတဲ့သူတွေအတွက်လည်း
မကောင်းဘူး။ အဲဒီအဆောင်ရှေ့မှာ ကျောင်းလက်ဖက်ရည်ဆိုင်တွေလည်း ရှိနေတယ်။
မန္တလေးဆောင်၊ တောင်ငူဆောင်နဲ့ ရာမညဆောင်ဘက်ကနေ မာလာဆောင် မှတ်တိုင်
(ပြည်လမ်း)ဘက် ဂျပ်ဆင်ရှေ့ကို ပြန်ထွက်မယ်ဆိုရင် အခုရက်ပိုင်း ခြံစည်းရိုးတွေ လုပ်ပြီး
ပိတ်ထားလို့ အဓိပတိလမ်းကနေ ပြန်ကွေ့ထွက်ခဲ့ရတယ်"ဟု မရဲရဲက ဆိုသည်။
၂၀၁၃-၁၄ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်အတွင်း အဆောင်ဟောင်းများကို ပြုပြင်ကာ
ကျောင်းသားကျောင်းသူများ နေထိုင်ခွင့်ပြုခဲ့ပြီးနောက် ယခင်ကျောင်းသားများ နေထိုင်ခဲ့သည့်
ရွှေဘိုဆောင်နှင့် ဒဂုံဆောင်တို့ကို အမျိုးသမီးဆောင်အဖြစ် ထားရှိခဲ့သည်။
၎င်းအဆောင်များကို အမျိုးသမီးဆောင်များအဖြစ် ထားရှိမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသား
ဟောင်းများက ၀ိုင်းဝန်းကန့်ကွက်ခဲ့ခြင်းကြောင့် ရွှေဘိုဆောင်ရှိ အမျိုးသမီးများကို
အင်းလျားဆောင်သို့ ပြောင်းရွှေ့ထားရှိပြီးဖြစ်ကာ ဒဂုံဆောင်တွင်မူ အမျိုးသမီးများ ဆက်လက်
ထားရှိသည်။
ဒဂုံဆောင်မှ ကျောင်းသူများကိုလည်း အခြားသော အမျိုးသမီးဆောင်များ ပြင်ဆင်ပြီးပါက
ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက
ကျောင်းသားများနေထိုင်ခဲ့သည့် ဒဂုံဆောင်မှ ကျောင်းသူများအား ရွှေ့ပြောင်းပေးရန်
ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ နှင့် ကျောင်းအဆောင်မှူးဟောင်းများ၏
တောင်းဆိုချက်ကို တု့ံပြန်ပြောကြားထားပြီး ဖြစ်သည်။
ခြံစည်းရိုးသစ်များ ကာဆီးပြုလုပ်ခြင်းသည် ၎င်းအဆောင်အတွင်းထားရှိသော ကျောင်းသူများ၏
လုံခြုံရေးအတွက် ခြံစည်းရိုးကာဆီးခြင်းကို နားလည်နိုင်သော်လည်း ရန်ကုန်တက္ကသိုလ်အတွင်း
သွားလာနေသော ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများအတွက် ကန့်သတ်မှု
ဖြစ်စေသကဲ့သို့ သွားလာသူများ၏ အခက်အခဲများကိုလည်း စဉ်းစားသင့်ကြောင်း တက္ကသိုလ်
ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအများ သွားလာလျက်ရှိသည့် တံခါးများကိုလည်း
ကျောင်းတက်ချိန်များအတွင်း ဖွင့်ပေးထားသင့်ကြောင်း၊ ကျောင်းသို့ လာရောက်သော ကျောင်းသူ
ကျောင်းသားများသည် မာလာဆောင်ဘက်ရှိ ဂျပ်ဆင်ရှေ့မှလည်းကောင်း၊ သို့မဟုတ်
တက္ကသိုလ်ရိပ်သာလမ်းဘက်ရှိ အဓိက တံခါးပေါက်ကြီးဘက်မှလည်းကောင်း ၀င်ထွက်နေကြ
ရကြောင်း၊ လှည်းတန်းနှင့် ကပ်လျက်ရှိနေသည့် ရာမညဆောင်ရှေ့ရှိ အဝင် အထွက်တံခါးများကို
ပိတ်ထားခြင်းကြောင့်လည်း ကျောင်းသားများ ကွေ့ပတ်သွားလာနေကြရခြင်းဖြစ်ကြောင်း
ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနသည် အချိန်ပိုင်းသင်တန်းများဖြစ်သော
ဥပဒေနှင့်သက်ဆိုင်သည့် စီးပွားရေးဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ရေကြောင်းဆိုင်ရာဥပဒေ၊
နိုင်ငံတကာဆက်ဆံရေးနှင့် အရှေ့တိုင်းစိတ်ပညာ စသည့် ဥပဒေဆိုင်ရာ နံနက်ပိုင်း ဒီပလိုမာ
သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီနှင့်
ဘဏ်ဝန်ထမ်းများ၊ ဥပဒေဆိုင်ရာ ရှေ့နေများနှင့် အခြားသော ဥပဒေကို စိတ်ဝင်စားသူ ၁၀၀၀ ခန့်
လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
















