ဇန်နဝါရီလ ၁၂ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းဗဟိုအမှုဆောင်
အဖွဲ့သစ်က ဆရာဝန်အသင်းပိုင် မြေနေရာငှားရမ်းမည့် အစီအစဉ်ကို အကောင်အထည်ဖော်
ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း အသင်းဗဟိုအမှုဆောင် အဖွဲ့ဝင်များက မြန်မာတိုင်း(မ်)
ကို ပြောသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအမှုဆောင် အဖွဲ့ဝင်တွေအနေနဲ့ ဒီကိစ္စကို အများ
သဘောတူမှ ဆက်လုပ်မှာပါ" ဟု ဗဟို အလုပ်အမှုဆောင်တွင် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ်
ရွေးချယ်ခံခဲ့ရသည့် ဒေါက်တာ မြင့်သောင်းက ပြောသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) အဆောက်အအုံနှင့် ခြံဝင်းကြီးအား နိုင်ငံခြားကုမ္ပဏီသို့ BOT
စနစ်(အကျိုးတူ စနစ်)ဖြင့် နှစ် ၅၀ ငှားရမ်းမည့် အစီအစဉ်ကို ၂၀၁၃ နှစ်အတွင်းက မော်လမြိုင်မြို့
တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်းကြီး၏ နှစ်ပတ်လည် ညီလာခံနှစ်ပတ်လည်
အစည်းအဝေးတွင် အသင်းဗဟို အလုပ်အမှုဆောင်အဖွဲ့က တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုကဲ့သို့ ထုတ်ဖော်ပြောကြားပြီး အဖွဲ့ဝင်အချို့၏ မကျေနပ်သံများ နှင့် ကန့်ကွက်မှုများ ပေါ်ထွက်
လာပြီးနောက် ငှားရမ်းမည့် အစီအစဉ်ကို ယခင် ဆရာဝန်အသင်း(ဗဟို) အမှုဆောင်အဖွဲ့က
တုံ့ဆိုင်းခဲ့သည်။
ရွေးကောက်ခံပြီး အမှုဆောင်အဖွဲ့ ၀င်များအနေဖြင့် စုစည်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်
များအတွက် အစည်းအဝေးထိုင် ဆုံးဖြတ်ခြင်းများ မလုပ်ရသေးကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်(၂၀၁၄ - ၁၆)အတွက် ဥက္ကဋ္ဌအဖြစ် ပါမောက္ခ
ဒေါက်တာ ရဲမြ၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ဦးအေးအောင်၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်သောင်း၊
အထွေထွေ အတွင်းရေးမှူးအဖြစ် ဒေါက်တာစောဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါက်တာမြသီတာ၊
ဥက္ကဋ္ဌ (ပညာရေးရာ) အဖြစ် ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာကျော်ဇင်ဝေနှင့် အမှုဆောင်
အဖွဲ့ဝင်အဖြစ် ဒေါက်တာအက်စ်ကျော်လှ တို့အား ရွေးချယ်တင်မြှောက်ခဲ့သည်။
















