ဇန်နဝါရီလ ၁၅ ရက်၊ အချိန်က နံနက် ၁၁ နာရီ။ ပန်းလှိုင်မြစ်ကူးတံတားမှ ဆင်းစတွင်ပင်
လမ်းဘယ်ဘက်ရှိ လယ်ကွက်ထဲတွင် ထိုင်နေသူ တစ်စုကို တွေ့ရသည်။
ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်များချိန်၍ အဆိုပါလူစုကို ၀န်းရံထားသည်။
ထိန်းသိမ်းခံထားရသော လူအုပ်ဆီ သွားမည့်အချိန်ဝယ် ရဲတပ်ဖွဲ့ဝင်အချို့အနီးတွင် ရပ်နေသော
စတစ်ကော်လာအဖြူနှင့် လုံချည်အပြာနုရောင်ဝတ်ထားသော အမျိုးသားတစ်ဦးက "ဘယ်ကလဲ၊
မီဒီယာလား"ဟု စတင်မေးမြန်းတော့သည်။
ကန်သင်းရိုးပေါ်မှ ရဲတပ်ဖွဲ့ဝင်အချို့ထံ စုံစမ်းသောအခါ ကလေးရင်ခွင်ပိုက်ထားသော အမျိုးသမီးငယ်
အချို့၊ သက်လတ်ပိုင်း အမျိုးသမီးများနှင့် အမျိုးသားအများစုပါ၀င်သော အဆိုပါ လူစုမှာ
ကျူးကျော်နေထိုင်သူများ ဖြစ်ပြီး ရွာသားများနှင့် ပဋိပက္ခဖြစ်ပွားနေသောကြောင့် ထိန်းသိမ်းထား
ခြင်းဖြစ်ပြီး လတ်တလော ထိန်းသိမ်းထားသူ ၅၀ ကျော်ခန့် ရှိသည်ဟု ဆိုသည်။
ထိုနေ့သည် ရန်ကုန် တွံတေးလမ်းဘေး ၀ဲယာနှင့် မြစ်ကမ်းစပ်မြေနုကျွန်းများပေါ်တွင် အလုံးအရင်း
နှင့် ၀င်ရောက်တည်ဆောက်ထားသော ကျူးကျော်တဲများကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့နှင့် ၎င်းတို့ ခေါ်ဆောင်လာသော ရှင်းလင်းရေးအဖွဲ့များက အင်အားသုံးဖယ်ရှားသည့်
ဒုတိယမြောက် နေ့ဖြစ်သည်။
"ကျွန်တော်တို့က နေစရာမရှိဘူး။ လှိုင်သာယာမှာ အခန်းငှားနေတယ်။ ဒီမှာနေရင် အခန်းခ
သက်သာမှာပဲဆိုပြီး လာနေတာ။ ကျွန်တော်က ပန်းရန်လုပ်တယ်။ ပြန်လာတဲ့အချိန်မှာ ဖမ်းလိုက်
တာပဲ။ ပဋိပက္ခဖြစ်တဲ့အထဲလည်း မပါဘူး" ဟု အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက
ပြောသည်။
သို့သော် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အဆိုပါ လူများအား ဖမ်းဆီးခြင်းမဟုတ်ကြောင်း၊
ရွာသားများက အန္တရာယ်ပြုမည်ကိုစိုးရိမ်၍ ခေတ္တထိန်းသိမ်းပေးထားခြင်းဖြစ်ကြောင်း ပြောဆိုကာ
မေးမြန်းခြင်းကို တားဆီးခဲ့သည်။
ကိုယ်တွေ့ကြံုခဲ့သော နေထိုင်သူများကမူ ရွာသားများက အန္တရာယ်ပြုခြင်းမဟုတ်ဘဲ ရှင်းလင်းရေး
အဖွဲ့ဆိုသူများကသာ ၎င်းတို့အိမ်များအား ဓားနှင့်ခုတ်ခြင်း၊ မီးရှို့ခြင်းများ လုပ်သောကြောင့်
ကျူးကျော်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပဋိပက္ခအခြေအနေကို နံနက် ၉ နာရီခန့်က သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ကြောင်း ၎င်းတို့က
ပြောသည်။
ဓားဖြင့် ခုတ်မိသူများ၊ ခြေလက်ကျိုးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူဦးရေ ၄၀ ခန့် ရှိသည်
ဆိုသော်လည်း ရဲတပ်ဖွဲ့ဝင်များဘက်မှ အတည်ပြုပေးခြင်း မရှိခဲ့ပေ။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျူးကျော်များအား လိုက်လံဖယ်ရှားနေခြင်းဖြစ်ပြီး
ဇန်နဝါရီလ ၁၄ ရက်နေ့ အစောပိုင်းတွင် ရန်ကုန်-တွံတေး ကားလမ်းဘေးဝဲယာရှိ ကျူးကျော်အိမ်
များကို စတင်ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီလ ၁၅ ရက် နံနက် ၃ နာရီခန့်တွင် ပန်းလှိုင်မြစ်ကူး တံတားအောက်ဘက်ရှိ မြေနုကျွန်းများ
ပေါ်မှ တဲအိမ်များအား ရှင်းလင်းရေး အဖွဲ့ဟုဆိုသူများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ဖျက်ဆီး
ခဲ့ကြခြင်းဖြစ်ကြောင်း နေထိုင်သူများက ပြောကြားကြသည်။
"မနက် ၃ နာရီလောက်ကြီးကို ၀ုန်းဝုန်းနဲ့ ရောက်လာပြီး အိမ်ခြေတွေကို ဓားနဲ့ခုတ်တော့တာပဲ။
ရဲတွေလည်း ရှိတယ်။ ဖျက်လို့လည်း မပြောဘူး... မဖျက်နဲ့လည်း မတားဘူး။ သေနတ်တွေချိန်ပြီး
၀ုိင်းထားတာပဲ။ ပစ္စည်းလည်း သိမ်းချိန်မရှိဘူး။ ကလေးတွေခေါ်ပြီး ကပျာကသီပြေးရတော့တာ"ဟု
မသက်က နံနက်အစောပိုင်း အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြားသည်။
မြေနုကျွန်းပေါ်တွင် ကျူးကျော်နေထိုင်ရန်အတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ
လှိုင်သာယာမြို့နယ်တာဝန်ခံ ကျော်ထက်နိုင် ဟုဆိုသူက စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင်
နေထိုင်ကြောင်း လက်မှတ်အဖြစ် သန်းခေါင်စာရင်းကဲ့သို့ ပြုလုပ်ထားသော စာရွက်တစ်ရွက်အား
ကျပ် ၁၀,၀၀၀ ပေး ၀ယ်ယူခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
"အဲဒီ ပိုက်ဆံတစ်သောင်းကို ငွေ ၃,၀၀၀ အတိုးပေးပြီး ချေးထားရတာ။ အခုအဲဒါတွေလည်း ဆုံး၊
အိမ်ဖိုးတွေလည်း ဆုံးပြီ။ ဒီဝါးတွေ ဓနိတွေက အကြွေးနဲ့ ၀ယ်ထားတာ။ ပိုဆိုးတာက နေစရာ
မရှိတော့ဘူး။ အိမ်ခန်းငှားခလည်း မတတ်နိုင်တော့ဘူး" ဟု ၅၈ နှစ် အရွယ် ဒေါ်အေးအေးက
မျက်ရည်သုတ်ရင်း ပြောသည်။
ပုဆိုးစုတ်ကို ခေါင်းပတ်ရင်း ဖြိုဖျက်ပြီးသား အိမ်နေရာမှ ရနိုင်သမျှ ပြန်လည် သိမ်းဆည်းနေသော
ဒေါ်အေးအေးကဲ့သို့ပင် အမျိုးသမီးနှင့် ကလေးငယ်များ မြစ်ကူးတံတား အောက်တွင်ပင် ရှိနေသေး
သည်။
"ကျွန်မတို့က လပွတ္တာဇာတိ။ နာဂစ်ဖြစ်ပြီးတော့ နေစရာမရှိတော့လို့ ရန်ကုန်ကို ရွှေ့လာရင်း
လှိုင်သာယာမှာ အိမ်ခန်းငှားနေတာ။ မိသားစုကများတော့ အိမ်ပိုင်ရှင်က ပေးမနေလို့ နှစ်ခန်းငှား
ရတာ။ မတတ်နိုင်တော့တာနဲ့ ဒီမှာ ကျော်ထက်နိုင်တို့က လာနေလို့ရတယ် ဆိုတော့ လာနေလိုက်
ရော။ အခုတော့ ဒုက္ခ ရောက်ပြီ။ ပြန်ဆိုလို့လည်း ပြန်စရာနေရာမရှိဘူး။ အခန်းငှားစရာ ပိုက်ဆံ
လည်းမရှိတော့ဘူး"ဟု မမိုးအေးက ပြောသည်။
လှိုင်သာယာတွင် ၁၀ ပေ ပတ်လည်အိမ်ခန်း တစ်ခန်းအား ကျပ် ၃၅,၀၀၀ ခန့်ဖြင့် ငှားရမ်းရပြီး
လူ သုံးဦးခန့်သာ နေခွင့်ပြုသဖြင့် မိသားစုများသူများမှာ အိမ်ငှားခ မတတ်နိုင်ဘဲ ကျူးကျော်အိမ်ရာ
များတွင် လာရောက်နေထိုင်ကြခြင်းများလည်းရှိသည်ဟု ဆိုသည်။
အဆိုပါ ကျော်ထက်နိုင်ဆိုသူက လုပ်ပေးထားသည့် စာရွက်တွင် 'တွံတေးမြို့နယ်၊ ပန်းလှိုင်မြေနု
ကျွန်းသို့ လှိုင်သာယာမြို့နယ်တွင်း ဆီးဂိမ်းနှင့် မလွတ်ကင်းသည့် ကျူးကျော် နေအိမ်များ
ရွှေ့ပြောင်းသည့် အိမ်ထောင်စု စာရင်း' ဟု ခေါင်းစဉ်တပ်ထားပြီး ဆင်းရဲသား ပပျောက်ရေးအတွက်
အခမဲ့နေရာ ယာယီ ချထားပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်ကိုလည်း တွေ့ရသည်။
သို့သော် ယခု အချိန်တွင် ကျော်ထက်နိုင်အား ဆက်သွယ်မရဘဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု
ဆိုသည်။
ကျူးကျော်များအား အင်အားသုံးဖယ်ရှား၍ သေနတ်ပစ်ဖောက်ထိန်းသိမ်းရမှုများနှင့် ဖယ်ရှားခံရသူ
များအတွက် မည်ကဲ့သို့ စီစဉ် ပေးမည်ကို မြန်မာတိုင်း(မ်)က မေးမြန်းခဲ့သော်လည်း ဖြေကြားရန်
ငြင်းဆိုခဲ့သည်။
အမှန်အကန်အိမ်ရာ မရှိသူမဟုတ်ဘဲ လာရောက် ကျူးကျော်ထားသူများ၊ နေရာဦး၍ တစ်ဆင့်
ပြန်လည် ရောင်းချသူများလည်း ရှိပြီး ကျော်ထက်နိုင်ဆိုသူက မြေနုကျွန်းတွင် နေထိုင်သူများ
အတွက်သာ တာဝန်ယူသည်ဟု ပြောသော်လည်း အဆိုပါနေရာတွင် ကျူးကျော် နေထိုင်သူများ
ရောက်ရှိလာရာမှ အစပြု၍ ကျူးကျော်အင်အား တိုးပွားလာခြင်းဖြစ်ကြောင်း နေထိုင်သူများက
ဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) တာဝန်ခံဆို သူနှင့် ပတ်သက်၍ ပါတီဌာနချုပ်သို့ ဆက်သွယ်
မေးမြန်းခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။

















