ချလန်ဖြတ်ခံရသည့် ယာဉ်များ လေးလအတွင်း ဒဏ်ကြေး မဆောင်က လိုင်စင်ပိတ်မည်

ချလန်ဖြတ်ခံရသည့် ယာဉ်များ လေးလအတွင်း ဒဏ်ကြေး မဆောင်က လိုင်စင်ပိတ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်း စည်းကမ်းမဲ့ရပ်နားထားသည့် ယာဉ်များကို
ချလန်ဖြတ်ဖမ်းဆီးအရေးယူရာတွင် လေးလအတွင်း ဒဏ်ကြေးပေးဆောင်ခြင်းမရှိသည့် ယာဉ်များ
ကို ယာဉ်မောင်းလိုင်စင်ပိတ် သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်ပေါ်စေရေးအတွက် စည်းကမ်းမဲ့ရပ်နားထားသည့်
ယာဉ်များကို အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူဆောင်ရွက်မှုများကို ယမန်နှစ် နိုဝင်ဘာလ
၁၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကာ ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ စည်းကမ်းမဲ့ဖမ်းဆီး
အရေးယူထားသည့် အမှုပေါင်း ၃,၀၅၆ မှု၊ ကရိန်းယာဉ်ဖြင့်ဆွဲသည့် ယာဉ် ၆၈၃ မှု၊ ချလန်ဖြတ်
အရေးယူမှု ၂,၃၇၃ မှု တို့ ရှိခဲ့ကြောင်း သိရသည်။

"ချလန်ဖြတ် အရေးယူတယ်ဆိုတာ ယာဉ်ကို စည်းကမ်းမဲ့ရပ်နားခဲ့လို့ သက်ဆိုင်ရာက ဖမ်းဆီး
အရေးယူတော့မယ်ဆိုရင် ကားနံပါတ်ကို အရင်ကြေညာပါတယ်။ အဲဒီကားနံပါတ်ကို ကြေညာလို့မှ
လာပြီးမရွှေ့ပေးရင် အရင်ဆုံးသော့ခတ်တယ်။ သော့ခတ်လို့ ယာဉ်ပိုင်ရှင်ရောက်လာပြီဆိုရင်
သက်မှတ်ထားတဲ့ ယာဉ်မရပ်ရတဲ့ လမ်းပေါ်မှာ ယာဉ်ရပ်တဲ့အတွက် ချလန်ဖြတ်ပြီး ယာဉ်လိုင်စင်ကို
အရေးယူပါတယ်။ အဲဒီလိုမှ အသိပေး အကြောင်းကြာတာတောင် ယာဉ်ပိုင်ရှင် ရောက်မလာခဲ့ဘူး
ဆိုရင် ကရိန်းကားခေါ်ပြီး ကားကွင်းကိုဆွဲပါတယ်။ ကရိန်းကားနဲ့ အဖမ်းခံရတဲ့ကားက အပြီးစီး
ဒဏ်ငွေ ကျပ် တစ်သိန်းလောက် ကုန်ပြီးတော့ ချလန်ဖြတ် အရေးယူခံရတာက ဒဏ်ငွေ
ကျပ် ၂၅,၀၀၀ ဆောင်ရပါမယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာမှ ချလန်ဖြတ် အရေးယူဖမ်းဆီးခံရသည့် ယာဉ်မောင်းများအနေဖြင့် လေးလအတွင်း
ဒဏ်ကြေးလာရောက် မဆောင်ပါက ယာဉ်လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ယာဉ်လိုင်စင်
အပျောက်ပြန်လည်လျှောက်ထားမှု မဖြစ်ပေါ်စေရေးအတွက် သတ်မှတ် ကညနသို့ ဒဏ်ကြေး
မဆောင်သည့် စာရင်းပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး