လမ်းမတော်မြို့နယ်၊ ၆ရပ်ကွက်၊ ၁၄ လမ်းတွင် ဖွင့်လှစ်ထားသော 'အောင်ဇေယျမင်းဆေးခန်း' မှ
လိပ်ခေါင်းခွဲစိတ် ကုသပေးနေသည့် တရုတ်နိုင်ငံသား GUOLEI (ကော်လေ)နှင့် ဆေးခန်းပိုင်ရှင်
ဒေါက်တာအောင်ဇေယျမင်း(ခ) ဦးစောညွန့်မြိုင်တို့ကို မြို့နယ်ပုဂ္ဂလိကဆေးရုံ ဆေးခန်းကြီးကြပ်ရေး
ကော်မတီမှ ဇန်နဝါရီလ ၁၇ ရက်နေ့က အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြို့နယ်ပုဂ္ဂလိက
ဆေးရုံဆေးခန်းကြီးကြပ်ရေးကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာအိအိခင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
"ကျွန်မတို့ အဲဒီဆေးခန်းကို ပြီးခဲ့တဲ့နှစ် နို၀င်ဘာလလောက်ကတည်းက စစ်ဆေးခဲ့ပါတယ်။
သွားစစ်တုန်းကတွေ့တာကတော့ ဒီတရုတ်ဆေး ဆရာက ခွဲစိတ်ကုသခွင့် မှတ်ပုံတင်မရှိဘဲ
လိပ်ခေါင်းလူနာတွေကို ခွဲစိတ်ကုသပေးနေ တာကိုတွေ့ရပါတယ်။ နောက်ပြီးတော့ ဆေးခန်း
ကလည်း ခွဲစိတ်ကုသခွင့်လိုင်စင်မရှိဘူး။ စည်ပင် ရဲ့လိုင်စင်လည်းမရှိဘူး။ ဒါကြောင့် အရေးယူပေးဖို့
မြို့နယ်ရဲစခန်းကို တိုင်းတန်းခဲ့ပါတယ်" ဟု ဒေါက်တာဒေါ်အိအိခင်က ပြောသည်။
အဆိုပါဆေးခန်းကို လွန်ခဲ့သည့်နှစ် ခြောက်လပိုင်းက ပထမအကြိမ်အဖြစ် မြို့နယ်ပုဂ္ဂလိက ဆေးရုံ
ဆေးခန်း ကြီးကြပ်ရေးကော်မတီက စစ်ဆေးခဲ့ပြီး ဆေးခန်းလိုင်စင်မရှိဘဲ ကုသခြင်းကြောင့်
သတိပေးခဲ့ပြီး ဆေးခန်းပိုင်ရှင်ကို ခံဝန်ကတိ ထိုးခိုင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့သော် ဆေးခန်းကို ပြန်လည်ဖွင့်လှစ် ကုသနေကြောင်း ရပ်ကွက်နေပြည်သူများ၏ သတင်းပေး
တိုင်ကြားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိများက စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု
လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
















