ဆိပ်ကမ်းအတွင်း မော်တော်ယာဉ် အပိုပစ္စည်း ပျောက်ဆုံးမှုများရှိနေသဖြင့် ဆိပ်ကမ်းထဲတွင်
စစ်ဆေးရေးဧရိယာ သီးခြားထားရှိခြင်းကဲ့သို့ လက်ရှိအနေအထား အားလုံးကို နိုင်ငံတကာ
အလေ့အကျင့်နှင့် အနည်းငယ် နီးစပ်အောင်ပြုလုပ်နိုင်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း
အကောက်ခွန် လုပ်ငန်းများဆိုင်ရာ ၀န်ဆောင်သူများအသင်း အတွင်းရေးမှူး ဦးညီညီအောင်
က ပြောသည်။
"ဥပမာ နိုင်ငံခြားဆိပ်ကမ်းထဲမှာဆိုရင် နေရာလေးနေရာရှိတယ်။ ပထမက စီမံခန့်ခွဲတဲ့ နေရာ၊
လုံခြံုရေးမှာဆိုရင် သင်္ဘောတွေရှိတဲ့နေရာ၊ ကရိန်းတွေ သွားလာလုပ်ကိုင်နေတဲ့နေရာတွေ၊
အဲဒီနေရာတွေကို တချို့နိုင်ငံတွေမှာက လုံခြံုရေးဧရိယာလို့ခေါ်တယ်။ ဘယ်သူမှ သွားလာ
ခွင့်ပြုမထားဘူး။ နောက်တစ်ခုက စစ်ဆေးတဲ့ Inspection ဧရိယာပါ။ ကျွန်တော်တို့ဆီမှာ
အဲဒါလိုအပ်နေတယ် ထင်ပါတယ်။ စစ်ဆေးတဲ့ ဧရိယာမရှိတော့ ကျွန်တော်တို့ အေးဂျင့်တွေ
အပါအဝင် မော်တော်ယဉ် အရောင်းကုမ္ပဏီပိုင်ရှင်တွေ အားလုံးဟာ ဆိပ်ကမ်းထဲမှာ သွားနေနေ
ကြတဲ့အခါကျတော့ တချို့မသွားသင့် မသွားထိုက်တဲ့ နေရာတွေလည်းရှိပါတယ်"ဟု ၎င်းက
ပြောသည်။
မော်တော်ယာဉ်ပစ္စည်း ပျောက်ဆုံးမှုများတွင် ဆိပ်ကမ်းတွင်သာမက လမ်းခရီးနှင့် သင်္ဘောပေါ်တွင်
ပျောက်ဆုံးမှုလည်းရှိသည်ဟု မော်တော်ယာဉ် ထုတ်လုပ်သူနှင့် တင်သွင်းသူများအသင်းဥက္ကဋ္ဌ
ဦးဌေးအောင် ကပြောသည်။
"စင်ကာပူဆိပ်ကမ်းမှာ ပျောက်တာ နည်းပါတယ်။ မလေးရှားဆိပ်ကမ်းဖြစ်တဲ့ Port Klang မှာ
ပျောက်တာများပါတယ်။ ပြီးတော့ တတိယအချက်အနေနဲ့ သင်္ဘောပေါ်မှာတင် ပျောက်တာ
ရှိပါတယ်။ သင်္ဘောသားတွေက နိုင်ငံသားအစုံ လူစုံပါတော့ အဲဒီအပေါ်မှာတင် ပျောက်ကုန်တာ
ရှိတယ်။ နောက်တစ်ချက်က သင်္ဘောပေါ်ကနေ ဆိပ်ကမ်းကိုချတဲ့အခါမှာ သင်္ဘောလိုင်းတွေ
တော်တော်များများက သူတို့ရဲ့ ကိုယ်ပိုင်ဒရိုင်ဘာကို မောင်းခိုင်းတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ
ရုတ်တရက် ထိခိုက်မှုဖြစ်တာကြောင့် ဆုံးရှုံးရတာရှိပါတယ်။ နောက်ပြီးတော့ အဲဒီဒရိုင်ဘာတွေကပဲ
မသမာတဲ့နည်းလမ်းနဲ့ အလွယ်တကူဖြုတ်လို့ရတဲ့ဟာတွေကို ဟိုဝှက်ဒီဝှက် ယူသွားတာရှိပါတယ်။
ဒီအချက် လေးချက်ကြောင့် ပစ္စည်းတွေပျောက်နေတာလည်းဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

















