ဒလမြို့နယ်အတွင်းရှိ မြို့စွန်မကျတကျနေရာများတွင် နှစ်ရှည်ကျူးကျော်နေထိုင်သူများနှင့် ငှားရမ်း
နေထိုင်သူများမှာ ယခင်ပိုင်ရှင်များ ပေါ်လာခြင်းနှင့် ပိုင်ရှင်များက ပြန်လည်ရောင်းချနေမှုများကြောင့်
ဖျက်သိမ်းပေးရမှုများ ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသည်။
ယခုရက်ပိုင်းအတွင်း ဖျက်သိမ်းဆဲ အိမ်ခြေ ၂၀ ကျော်နှင့် ဆက်လက်ဖျက်သိမ်းရမည့် အိမ်များမှာ
ရာဂဏန်းခန့်ရှိနေကြောင်း ဒလမြို့ခံများက ပြောသည်။
"ကျွန်တော်တို့ကတော့ မြို့ခံသူငယ်ချင်းတစ်ယောက်ရဲ့ ဗိုလ်မင်းရောင်လမ်းက မြေကွက်မှာ မြေငှား
ပြီး အခုလက်ရှိနေအိမ်လေးကို ဖျက်ပြီးတော့ အဲဒီမှာပြောင်း ဆောက်ရမှာပါ။ ပိုင်ရှင်တွေက
ဖျက်ခိုင်းပြီဆိုတော့ ဖယ်ပေးရမှာပေါ့။ ဒီလကုန်ဖယ်ပေးရမှာပါ" ဟု ဖေဖော်ဝါရီလကုန် နောက်ဆုံး
ဖယ်ပေးရန်အတွက် ပြောဆိုထားခံရသည့် ဒလမြို့ မင်းတုန်းလမ်းနေသူ တစ်ဦးကပြောသည်။
ဒလမြို့ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပေ ၄၀ x ၆၀ အကွက်များအား ကျပ်သိန်း ၄၅၀ ဖြင့် တရုတ်လူမျိုး
စီးပွားရေးလုပ်ငန်းရှင်များက ပေးဝယ်နေပြီး ပေ ၂၀ x ၆၀ အကွက် များအား သိန်း ၁၆၀ ခန့်ဖြင့်
ပေးဝယ်နေသော ကိုးကန့်လူမျိုးများလည်းရှိပြီး ၀ယ်ယူပြီးသော မြေကွက်များတွင် သံဆူးကြိုးများ
တစ်ခါတည်း ကာရံသွားကြောင်း ရာဇသင်္ကြန်ရပ်ကွက် မင်းတုန်းလမ်းနေ အိမ်ခြံမြေ အကျိုးဆောင်
ဦးလှချစ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရာဇသင်္ကြန်ထဲမှာပဲ တရုတ်တွေ အဝယ်များနေတယ်။ သူတို့ကတော့ ၀ယ်ပြီးတာနဲ့ ဒီမြေကွက်
ထဲမှာ တဲဆောက်နေနေတဲ့ သူတွေလည်း ဖယ်ခိုင်းတာပါပဲ"ဟု ၎င်းက ပြောသည်။
"အလုံး ၂၀ လောက်ကတော့ ဖျက်ပြီးသွားပြီ။ မြို့ခံတွေက မြေနေရာကို ပြန်ငှားနေကြတာလည်း
ရှိတယ်။ တစ်နှစ်စာ တစ်ခါတည်းပေးရတယ်။ ခြောက်သောင်း၊ ဒါမှမဟုတ် ကိုးသောင်း နဲ့ မြေနေရာ
ငှားပေးတာလည်းရှိတယ်။ မြေငှားစရာ ငွေမရှိတဲ့သူတွေကတော့ အခုညောင်တုန်းဘက်ကို
ပြောင်းသွားတယ်။ မနက်ဖြန်ဆိုလည်း ဒီနားက အိမ်တွေဆက်ဖျက်ဖို့ရှိတယ်။ တချို့အိမ်တွေ
ကတော့ နည်းနည်းကံကောင်းတာပေါ့။ ပိုင်ရှင်တွေက ဖယ်ခိုင်းပေမယ့် ရောင်းတာမဟုတ်တော့
အေးအေးဆေးဆေး ရွှေ့ပေးလို့ ရတယ်။ တချို့ကျတော့ ပိုင်ရှင်တွေကနေ ရန်ကုန်မြို့ထဲမှာ ရှိနေတဲ့
လိုချင်တဲ့ကုမ္ပဏီ တချို့ကို လက်လွှဲရောင်းတာတွေ၊ တရုတ်တွေကို ပြန်ရောင်းတာတွေရှိတယ်။
အဲလိုဆိုရင်တော့ အဲဒီပြန်ဝယ်လိုက်တဲ့သူတွေက ချက်ချင်း သံဆူးကြိုးတွေ ခတ်ပစ်လိုက်တယ်။
အိမ်ကို သူတို့ဝယ်ပြီးတာနဲ့ ချက်ချင်းဖျက်ခိုင်းတယ်လေ"ဟု ၎င်းကပြောသည်။
"ဒီနေရာမှာနေလာတာ ၁၇ နှစ် ရှိပါပြီ။ မိသားစုက ခုနစ်ယောက်ရှိတယ်။ မွေးစားထားတဲ့ ကလေး
လေး မြေးလေး တစ်ယောက်ရှိတယ်။ အားလုံး ရှစ်ယောက်ပေါ့။ ခုက ဖျက်လိုက်တော့လည်း
တခြားနေရာပြောင်းဆောက်စရာ ကမရှိဘူး။ ဒါကြောင့် အခု သံဆူးကြိုးတွေ လာခတ်သွားပြီ
ဆိုတော့ ခြံထဲမှာတော့ အိပ်လို့ နေလို့ မရတော့ဘူး။ ခြံပြင်မှာပဲ အိပ်ရာခင်း အိပ်လိုက်တယ်။
အမိုးလေးကိုတော့ ဖြစ်သလိုကာထားရတယ်။ နေ့ခင်းတော့ဒီလိုပဲ လမ်းဘေးမှာ ထိုင်နေရတာပေါ့။
အခုလောလောဆယ် ဒုက္ခဖြစ်လွန်းတော့လည်း သူများပေးစာ ကမ်းစာလေးတွေ စားနေလိုက်
တယ်။ သားတွေက ဒလသင်္ဘောဆိပ်ကမ်းမှာ ကုန်ပစ္စည်းထမ်းပေးတဲ့ အလုပ်လုပ်တယ်။
သမီးကတော့ သူ့ယောကျ်ား နောက်လိုက်နေတယ်။ ဒီကိုလည်းပြန်မလာဘူး။ အခု အိမ်ပြန်
ဆောက်ဖို့ကလည်း ငွေမရှိဘူး။ ဖျက်ထားတာတွေကလည်း ဖြုတ်လိုက်တာနဲ့ ပြန်ပြင်ဆောက်ဖို့က
မဖြစ်နိုင်ဘူးလေ။ အကုန်အကျိုးအပဲ့တွေ ဖြစ်နေပြီ။ မြေနေရာ ပြန်ငှားပေးမယ်ဆိုပြီး
အိမ်အကျိုးဆောင်က လာပြောပေမယ့် အဲဒီငွေက အဘွားအနေနဲ့ မတတ်နိုင်တဲ့ငွေပါ။ ဒါကြောင့်
မြေနေရာ မငှားနိုင်ဘူး။ အိမ်လည်းဖျက်ပြီး ပြန်မဆောက်နိုင်ဘူး။ ဒီလိုပဲ လမ်းမှာနေရတော့မယ်"ဟု
ရာဇသင်္ကြန် ရပ်ကွက်ရှိ ဗိုလ်မင်းရောင်လမ်းနေ အသက် ရ၇ နှစ်အရွယ်ရှိ ဒေါ်အေးစိန်
ကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးအား အဆိုပါ အိမ်ခြေများ
ဖျက်သိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ ၎င်းတို့ထံမှ
စေခိုင်းချက် တစ်စုံတစ်ရာ မပါ၀င်ကြောင်းနှင့် ၎င်းတို့မသိရှိကြောင်း ဖြေကြားသည်။
"ဒလမှာက မြေအပိုင်နဲ့ နေတဲ့သူတွေရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ နည်းတယ်။ နေရာတော်တော်
များများက မြေကွက်လပ်အလွတ်မှာ ဒီအတိုင်း ဆောက်နေကြတာ များတယ်။ မြေပိုင်ရှင်တွေ
နည်းတယ်။ ပျံကျနေကြတဲ့သူတွေ တော်တော်များတယ်။ အခုဟာက ပိုင်ရှင်တွေက ပြောင်းခိုင်း
တာပါ။ တံတားထိုးမယ်ဆိုတဲ့ သတင်းထွက်လာတော့ ဒီလို မြေဈေးတက်တာတွေ ရှိလာတယ်။
ပြီးတော့ ပိုင်ရှင်တွေကလည်း အခုနေတဲ့သူတွေက ဖယ်မပေးတော့ပဲ အပိုင်လုပ်သွားမှာကို
ကြောက်တာကြောင့် အခုလိုတွေ ဖယ်ခိုင်း ဖျက်ခိုင်းနေကြတာတွေ ဖြစ်လာတာပါ။ အကုန်တော့
မဟုတ်ဘူး။ နောက်လမှ ပြောင်းကြ ဖျက်ကြမဲ့သူ တွေလည်းရှိတယ်"ဟု ဒလမြို့ ရာဇသင်္ကြန်
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

















