ရှစ်မိုင်လမ်းဆုံမီးပွိုင့်တွင် တပ်ဆင်အသုံးပြုထားသော စီစီတီဗွီကင်မရာဖြင့် အလိုအလျောက်
လမ်းရှင်းစနစ်ကို အခြားယာဉ်ကြောရှုပ်ထွေးသော နေရာ ၁၂ နေရာတွင် တပ်ဆင်အသုံးပြုရန်
လျာထားကြောင်း သိရသည်။
အဆိုပါ အလိုအလျောက်ယာဉ်ကြောရှင်း စနစ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ခါ
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) ၏ စီမံချက်တစ်ခုအနေဖြင့်
တပ်ဆင်ခဲ့သည်။
ခုံးကျော်တံတားများဆောက်ရန်မလိုဘဲ ယာဉ်ကြောရှင်းလင်းရန်အတွက် ဂျိုက်ကာမှ ခြောက်လခန့်
ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး အဆင်ပြေပါက အခြားယာဉ်ကြောရှုပ်ထွေးသည့်နေရာများ
တွင်ပါ တပ်ဆင်ရန် ရည်ရွယ်ထားခဲ့သည်။
"လောလောဆယ်မှာတော့ ရှစ်မိုင်အပြင် နောက်ထပ်နေရာ ၁၂ နေရာမှာ စီစီတီဗီကင်မရာကနေ
အလိုအလျောက် ယာဉ်ကြောရှင်းစနစ်ကို တပ်ဆင်ဖို့ လျာထားဆဲဖြစ်တယ်။ အတည်ပြုဖို့အတွက်
အစိုးရအဖွဲ့ရုံးကို တင်ထားတယ်။ တပ်ဆင်ပြီးပြီဆိုရင်တော့ ကွန်ထရိုး စင်တာကတစ်ဆင့်
စောင့်ကြည့်မယ်။ ဒီလိုမျိုး တပ်ဆင်တာက ယာဉ်ကြောရှင်းဖို့လည်းပါတယ်။ လုံခြံုရေးအရလည်း
ပါတယ်။ ကွန်ထရိုးစင်တာက မဆောက်ရသေးတော့ လောလောဆယ်မှာ အစိုးရအဖွဲ့ရုံးကပဲ
စောင့်ကြည့်ထိန်းချုပ်မယ်လို့ သိရတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)၊ ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စီစီတီဗွီထပ်မံတပ်ဆင်ရန် လျာထားသည့် နေရာများမှာ ပြည်လမ်းနှင့် ဗားကရာ(မြေနီကုန်း)၊
တာမွေ ၅ ခွဆုံ၊ ဗညားဒလနှင့် စက်ရုံလမ်း (မင်္ဂလာဈေး)၊ သီရိမင်္ဂလာဈေးသစ်၊ ဘုရင့်နောင်ဈေးရှေ့၊
ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့၊ ရန်ကုန်လေဆိပ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်(ကြားတောရလမ်း)၊
မြို့တော်ခန်းမရှေ့၊ ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်ဘူတာကြီး၊
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းတို့ ဖြစ်သည်ဟု သိရသည်။
မီးပွိုင့်တွင် ယာဉ်များရပ်တန့်စောင့်ဆိုင်းနေသည့်အချိန်တွင် ကင်မရာ၏ အာရုံခံကိရိယာမှတစ်ဆင့်
မီတာ ၃၀ ခန့်အထိ ဖမ်းယူကြည့်ရှုပေးနိုင်ပြီး ယာဉ်စီးရေများသည့်ယာဉ်ကြောကို အလိုအလျောက်
မီးစိမ်းပေးသည့်စနစ်ဖြစ်ကာ လက်ရှိရှစ်မိုင်လမ်းဆုံတွင် အသုံးပြုနေသည်။
"အရင်ထက်တော့ ယာဉ်ကြောနည်းနည်းရှင်းတာကို တွေ့ရတယ်။ ယာဉ်များတဲ့ဘက်ကို မီးက
သူ့အလိုလို စိမ်းပေးလိုက်တာ သတိထားမိတယ်။ ဒီစနစ်မျိုးများများ အသုံးပြုနိုင်ရင်တော့
အကောင်းဆုံးပေါ့" ဟု တက္ကစီယာဉ်မောင်း ဦးအောင်မောင်းက ပြောသည်။

















