ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူဗဟိုပြု ရဲလုပ်ငန်း
သင်တန်း အောင်မြင်မှုရရှိခဲ့ပြီး မတ်လအတွင်း ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြား ပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
"အခုဖေဖော်ဝါရီလ ၆ ရက်နေ့က ဆင်းသွားတဲ့ သင်တန်းဆိုရင် သင်တန်းသား ၁၈ ယောက်
တက်တယ်။ အဲဒီသင်တန်းတုန်းက သင်တန်းသားတွေနဲ့ သင်တန်းဆရာတွေ အဆင်ပြေကြတယ်။
သင်တန်းဆရာကလည်း သင်တန်းကာလ တစ်လျှောက်လုံး ရဲတပ်ဖွဲ့ဝင်တွေကိုသင်ကြား ပြသပေး
ရတဲ့အတွက် ပိုပြီးတော့ ပျော်ပါတယ်လို့ သင်တန်းဆင်းပွဲမှာ သင်တန်းဆရာ Mr. DAVID က
ထည့်သွင်း ပြောကြားခဲ့တယ်။ အခု လောလောဆယ် သင်တန်းဆင်းသွားတဲ့ သင်တန်းသားတွေ
ရော ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရော အင်္ဂလိပ်စာသင်တန်းကို ဆက်ပြီးပို့ချနေတယ်။ နောက်သင်တန်း
ကို လာမယ့်မတ်လ ဆန်းလောက်ဖွင့်သွားမယ်လို့ သိထားတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး
မင်္ဂလာတောင်ညွန့် မြို့မရဲခစန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ တစ်လ ကြာမြင့်ခဲ့သည်။
သင်တန်းကာလအတွင်း သင်တန်းသား ရဲတပ်ဖွဲ့ဝင် ၁၈ ဦးကို ပြည်သူများနှင့် အတူတကွ
ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် တက်စေရန် ရည်ရွယ်သည့် ပြည်သူဗဟိုပြုရဲလုပ်ငန်းကို
သင်ကြားပေးခဲ့သည်။
ပြည်သူဗဟိုပြုသင်တန်းသား တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းသို့ စက်ဘီးများအသုံးပြုကာ
လှည့်လည် ကွင်းဆင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ သင်တန်းဆင်းပွဲတွင်လည်း
ဥရောပသမဂ္ဂသံအမတ်ကြီးက အဆိုပါစက်ဘီး အစီး ၂၀ ကို ရဲတပ်ဖွဲ့လုပ်ငန်းဆောင်တာများတွင်
အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
"သင်တန်းမှာ လေ့လာသင့်ယူခဲ့တာတွေကို သင်တန်းနည်းပြမှတ်စုပြုစုနေပြီး ပထမဆင်းသွားတဲ့
သင်းတန်းသား ၁၈ ဦးထဲက ၁၂ ဦးကိုရွေးချယ်ပြီး ဆရာဖြစ်သင်တန်းကို ပို့ချနေတယ်။ ဒီသင်းတန်း
ကဆင်းလာမယ့် သင်တန်းဆရာတွေက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ ဗဟိုပြုရဲ
လုပ်ငန်းစဉ်တွေကို ဆက်လက်သင်ကြား ပို့ချသွားမှာပါ။ နောက်တစ်ခါလုပ်မယ့်သင်တန်းက
စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းလို့တော့ အကြမ်းဖျင်းသတ်မှတ်ထားတယ်" ဟု တာဝန်ရှိသူတစ်ဦး
ကပြောသည်။

















