မြန်မာနိုင်ငံသားများဘဏ်နှင့် တူးစီတူးပီ (2C2P) ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်
ပထမဦးဆုံး နိုင်ငံတကာငွေကြေးကတ် ရွှေ့ပြောင်းပေးချေလက်ခံမှု ၀န်ဆောင်မှုစနစ် iACCEPT ကို
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်ကာ အင်းလျားလိတ် ဟိုတယ်နှင့် စထရင်း ဟိုတယ်တို့တွင်
၀န်ဆောင်မှုပေးနေကြောင်း သိရသည်။
အဆိုပါ ဟိုတယ်နှစ်ခုတွင် အထူးအရေးကြီး ပုဂ္ဂိုလ်များအား အခန်းတွင်း ငွေလက်ခံပေးမည့်
Inroom Express Check Out ၀န်ဆောင်မှုကို iACCEPT အသုံးပြုကာ စတင်ပေးသွားမည်
ဖြစ်ကြောင်း 2C2P ကုမ္မဏီ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုး
ကပြောသည်။
"လက်ရှိစမ်းသပ်ကာလအနေနဲ့ အင်းလျားလိတ်နဲ့ စထရင်း ဟိုတယ်တွေမှာ အထူးအရေးကြီး
ပုဂ္ဂိုလ်တွေ အတွက် အခန်းထဲမှာနေပြီး Check Out လုပ်လို့ ရအောင် စီစဉ်ပေးထားပါတယ်။
ဥပမာ - စားသောက်ဆိုင်တွေရဲ့ သီးသန့်ခန်းတွေမှာ အရေးကြီးပုဂ္ဂိုလ်တွေ အစည်းအဝေးလုပ်
နေတယ်ဆိုရင် အပြင်ထွက်ပြီး မရှင်းနိုင်ဘူးလေ။ နောက်ပြီး သူ့ကတ်ကိုလည်း သူများကိုမပေးချင်
ဘူးပေါ့။ ပုံမှန်အားဖြင့် စားပွဲထိုးက ကတ်လာယူသွားတယ်၊ စက်မှာသွားဖြတ်ပြီးမှ ပြန်ယူလာပေး
တယ်။ အခုအဲလိုလုပ်စရာ မလိုတော့ဘူး။ သူ့ရဲ့ နေရာမှာတင် စားပွဲထိုးက အဲဒီစက်ကလေးကို
ယူလာပြီးတော့ ကိုယ်တိုင် ကတ်ဖြတ်လို့ရအောင် ဆောင်ရွက်ပေးထားတာပါ" ဟု
ဦးအောင်ကျော်မိုး ကပြောသည်။
အဆိုပါ iACCEPT စနစ်ကို မိုဘိုင်းအင်တာနက် ရှိရုံဖြင့် အသုံးပြုနိုင်ပြီး iACCEPT Hardware
ပစ္စည်း နှင့် မိုဘိုင်းဖုန်းအတွင်းရှိ အက်ပလီကေးရှင်းကို ပူးတွဲ အသုံးပြုရမည်ဖြစ်သည်။
"အိုင်ပက်မှာဖြစ်ဖြစ်၊ အိုင်ဖုန်းမှာဖြစ်ဖြစ်၊ အန်းဒရိုက်ဖုန်းမှာပဲဖြစ်ဖြစ် iACCEPT Hardware
ပစ္စည်းလေးကို တပ်ဆင်လိုက်ရင် ဖုန်းက ဖုန်းမဟုတ်တော့ဘဲနဲ့ နိုင်ငံတကာသုံး Credit ကတ်တွေ
ကို လက်ခံလို့ရတဲ့ device ဖြစ်သွားပါတယ်" ဟု ဦးအောင်ကျော်မိုးက ပြောသည်။
Micro Chip ဖြင့်ကတ်အား ဖြတ်နိုင်သလို Magnetic Strip သုံးကတ်ဖြင့်လည်း အသုံးပြုနိုင်သည်
ဟုဆိုသည်။
iACCEPT Hardware ပစ္စည်းများကို မြန်မာနိုင်ငံ သားများဘဏ်နှင့် ဘဏ်ခွဲများတွင် ရောင်းချ
ပေးသွားမည်ဖြစ်သည်။

















