မြောက်ဥက္ကလာတံတားပေါ်မှ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ပြုတ်ကျ

မြောက်ဥက္ကလာတံတားပေါ်မှ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ပြုတ်ကျ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြောက်ဥက္ကလာ မီးရထားကုန်းကျော်
တံတားပေါ်တွင် ဖေဖဝါရီလ ၂၀ရက်နေ့ နံနက် ၁နာရီ ၄၀မိနစ်ခန့်က ခရီးသည်တင်မော်တော်ယာဉ်
တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ မီးရထားသံလမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း မြောက်ဥက္ကလာပ
ယာဉ်ထိန်းတပ်ဖွဲ့စုရုံးမှ စုံစမ်းသိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ၆ကွေ့ဘက်မှ မရမ်းကုန်းမြို့နယ်ဘက်သို့ ယာဉ်မောင်း အောင်ကိုကို
မောင်းနှင်လာသည့် ဆ/၁၇၈၉ ဘီအမ်ဟီးနိုး ခရီးသည်တင်ယာဉ်သည် မြောက်ဥက္ကလာပနှင့်
မရမ်းကုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် မီးရထားကုန်းကျော်တံတားပေါ်အရောက်တွင်
အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရန်းဘောင်အား ၀င်တိုက်ပြီး တံတားအောက်သို့ ပြုတ်ကျ
သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း အောင်ကိုကို(၂၉နှစ်)မှာ ဦးခေါင်းပြတ်ဒဏ်ရာရရှိကာ အခင်း
ဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသူ ၅ဦးမှာ ထိခိုက်ပွန်းရှ ဒဏ်ရာများရရှိခဲ့
သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်)များအဖြစ် တင်ပို့ကုသထားရသည်။

"ကားက နံနက်စော ၁နာရီကျော်လောက်က ဖြစ်သွားတာပါ၊ ခရီးသည်တင်ကားဆိုပေမယ့် ခရီး
သည် မပါဘူး။ သူတို့ ကားသမားသူငယ်ချင်းတစ်တွေ စုပြီးပြန်အလာမှာ ဖြစ်သွားတာပါ။ တံတား
ပေါ်ရောက်တော့ ကားကိုမကွေ့နိုင်လို့ ကားလမ်းအတက်အတိုင်း အောက်ကို တည့်ထိုးကျသွားတာ
ပါ။" ဟု ယာဉ်ထိန်းတပ်ဖွဲ့စုရုံး ၄၂ မှ ယာဉ်အမှုစစ် ရဲအုပ်လှိုင်ဝင်းအောင်က မြန်မာတိုင်းမ် သို့
ပြောသည်။

၄င်းဖြစ်စဉ်ကို အမှတ် ၄၂ ယာဉ်ထိန်းရတပ်ဖွဲ့ခွဲမှ ရဲအုပ်လှိုင်ဝင်းအောင်က တရားလိုပြုလုပ်ကာ
မြောက်ဥက္ကလာမြို့မရဲစခန်းတွင် ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉၊ ၃၇၇၊ ၃၇၈၊
၃၀၄-(က)တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး