သံသုမာလမ်းမကြီးပေါ်ရှိ မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့တွင် မူလနေထိုင်သူများဟုဆိုကာ ကုမ္ပဏီထံမှ
နစ်နာကြေးရရှိရန် ဆန္ဒထုတ်ဖော်နေသူများအား ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်မှုအတွက်
ပုဒ်မ ၁၈ ဖြင့် အရေးယူသွားရန်ရှိကြောင်း ယခုလ ၁၉ ရက်နေ့က သိရသည်။
"မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့က ဆန္ဒထုတ်ဖော်မှုက ရက်ကလည်း ကြာမြင့်နေပြီ။ ဆန္ဒထုတ်ဖော်စဉ်
ကလည်း ခွင်ပြုမိန့်ရယူထားတာ မရှိတဲ့အတွက် အမှုဖွင့်ထားပါတယ်။ စီတန်းပုဒ်မ ၁၈ နဲ့ပါပဲ" ဟု
တာမွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်နေသူများမှာ ယခု မြန်မာ့ဂုဏ်ရောင်အိမ်ရာနေရာတွင် နှစ်ပေါင်းများစွာ
နေထိုင်ခဲ့သူများဟုဆိုကာ ၁၉၉၄ ခုနှစ်က တပ်မတော် (ရေ)က စစ်တန်းလျားဆောက်လုပ်ရန်
အတွက် ၎င်းတို့အား အဓမ္မ ဖယ်ရှားစေခဲ့ကြောင်း၊ အိမ်ထောင်စု ရ၇ စု၊ လူဦးရေထောင်ကျော်က
ဖယ်ရှားပေးခဲ့ရကြောင်း၊ ဖယ်ရှားပေးသူများအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၈၈ ရပ်ကွက်တွင်
နေရာချထားပေးခဲ့သော်လည်း ပေ ၂၀ x ၆၀ ရှိ မြေကွက်တစ်ကွက်ရရှိရန် ထိုအချိန်က
ငွေကျပ် ၆,၀၀၀ ကျော် ပေးသွင်း၍ နေထိုင်ခဲ့ရသည်။
"ပြောင်းခိုင်းလိုက်တဲ့နေရာက တကယ့် လယ်ကွင်းခေါင်ခေါင်။ အမှန်တော့ လယ်ကွက်တွေကို
အကွက်ရိုက်ပြီး ပေးလိုက်တာပါပဲ။ လမ်းမရှိ၊ မီးမရှိ၊ ကျောင်းမရှိ၊ ဘတ်စ်ကားမရှိနဲ့။ မိုးတွင်းဆို
ရွှံ့တွေထဲနေရတာ။ စီးပွားတွေလည်းပျက်၊ အလုပ်အကိုင်တွေပျက်ကုန်တော့ ပညာတွေလည်း
ဆုံးခန်းမတိုင်တော့ဘူး" ဟု မဇင်မာဦးက ပြောသည်။
"ပထမနှစ်ကြိမ်က ခွင့်ပြုချက်နဲ့ နာရီပိုင်း လမ်းလျှောက်ဆန္ဒပြခဲ့တယ်။ ဘာမှမထူးခဲ့ဘူး။ ဒါကြောင့်
အခု သပိတ်စခန်းလာဖွင့်ဖို့ ဆုံးဖြတ် လိုက်ရတာပဲ။ အစကတော့ ဘယ်သူ့အကူအညီမှ မယူဘဲ
နေနေပေမယ့် ဘယ်သူမှ လာဖြေရှင်းမပေးတော့ အခု နိုင်ငံရေးအဖွဲ့အစည်းတွေကို အကူအညီ
တောင်းထားတယ်" ဟု ဦးတင်အုန်း က ပြောသည်။
"ကျွန်မတို့ ဆန္ဒထုတ်ဖော်တာ ဒီနေ့ပါနဲ့ဆို ၂၁ ရက်ရှိပြီ။ တောင်းဆိုထားတဲ့ ကုမ္ပဏီက
သော်လည်းကောင်း၊ စာတင်ထားတဲ့ အစိုးရအဖွဲ့အစည်းတွေက သော်လည်းကောင်း အရေးတယူနဲ့
ဖြေရှင်းပေးတာတို့၊ လာမေးတာတို့ မရှိသေးဘူး"ဟု ဆန္ဒထုတ်ဖော်သူများထဲမှ ဒေါ်လုံမက
ပြောသည်။
ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၃ ရက်ကမူ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိသူအချို့က
ခေါ်ယူတွေ့ဆုံကာ မေးမြန်းကြောင်း၊ သို့သော် ဖြေရှင်းပေးရန် အဆင်မပြေသည့်အတွက် ၎င်းတို့
လက်ရှိနေထိုင်လျက်ရှိသော ဒဂုံဆိပ်ကမ်းမှ ရပ်ကွက်ကိုသာ နေထိုင်ရေး ကောင်းမွန်အောင်
လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















