မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ တန်ချိန် တစ်သောင်း ၀န်းကျင်ရှိဂျပန်နိုင်ငံ တွင်တည်
ဆောက်သည့် တပတ်ရစ် သင်္ဘောသုံးစင်းကိုပင်လယ်ကူးသင်္ဘော လုပ်ငန်း တွင်ဝယ်ယူအသုံးပြု
သွားမည်ဖြစ်ကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ
ဦးမောင်မောင်စိုးကပြောသည်။
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင်ရှိသော သင်္ဘောအချို့၏ သက်တမ်းမှာ နှစ် ၃၀ ၀န်းကျင်
နှင့်အထက်ထိရှိပြီဖြစ်ရာ ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမားလာသည့်အတွက် တပတ်ရစ် သင်္ဘော
များအား ၀ယ်ယူအစားထိုးလဲလှယ်လျက် စွမ်းအားပြည့် သယ်ဆောင်ပြေးဆွဲနိုင်ရန် ရည်ရွယ်
သည်ဟုဆိုသည်။
အဆိုပါ ၀ယ်ယူမည့်တပတ်ရစ် သင်္ဘောများမှာ ငါးနှစ်မှဆယ်နှစ်အတွင်း သက်တမ်းရှိသည့်
သင်္ဘောများဖြစ်သည်ဟု ၎င်းကပြောသည်။ " ဘယ်နိုင်ငံတွေကပဲပိုင်ပိုင် ဂျပန်က တည်ဆောက်
တာဖြစ်ပြီး အထဲမှာပါတဲ့ အင်ဂျင်တွေကလည်းပဲ ကြယ်ငါးပွင့်မှာ လက်ရှိသုံးစွဲနေတဲ့ အင်ဂျင်ပိုင်းနဲ့
နည်းနည်း တူတဲ့သင်္ဘောပေါ့နော်။ အဲဒါကိုရှာဖွေဝယ်ယူတာပါ။ ဒီနှစ်ရဲ့နှစ်လည်ပိုင်းမှာ ရောက်ရှိ
ပါတော့မယ်။
နောက်ပိုင်းမှာလည်း တချို့သင်္ဘောလိုင်းတွေနေရာမှာ ကြံ့ခိုင်မှုရှိတဲ့ သင်္ဘောတွေနဲ့ မကြာမကြာ
အစားထိုးလဲလှယ်သွားဖို့ ရှိနေပါတယ်"ဟု ဦးမောင်မောင်စိုးက မြန်မာတိုင်း(မ်)ကိုပြောသည်။
မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် ဌာနပိုင်သင်္ဘော ၂၂စီး ရှိပြီး ၁၄စီးမှာ ပင်လယ်ကူး
သင်္ဘောအဖြစ်အသုံးပြုနေပြီး အာရှအရှေ့ဖျား ဒေသများနှင့် ပစိဖိတ် သမုဒ္ဒရာ ဒေသများသို့
ပြေးဆွဲလျက်ရှိသည်။ နှစ်စီးမှာ ပြည်တွင်းကမ်းရိုးတန်းသွား သင်္ဘောအဖြစ် ဌာနမှမောင်းနှင်ပြေး
ဆွဲနေပြီး သုံးစီးမှာ ပြည်တွင်းကုန်စည် သယ်ဆောင် ရာတွင် အသုံးပြုသည့်သင်္ဘောအဖြစ်
ပုဂ္ဂလိကသို့ အချိန်ပိုင်းစနစ်ဖြင့် ငှားရမ်းထား ကာ ကျန်ရှိသည့်သုံးစီးအား ပြည်တွင်း ပြည်ပမှ
စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၀ယ်ယူပါက လေလံစနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ထားပြီး
ပြေးဆွဲမှု ရပ်နားထား သည်။
သတင်း အပြည့်အစုံကို မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖတ်ရှုပါ။
















